Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/04/2012

လူဘောင်သစ်ပါတီဥက္ကဌဦးအောင်မိုးဇော်နှင့်အမျိုးဒီမိုကရေစီအဖွဲ့ချုပ်မှ သဘာပတိ ဦးဝင်တင်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ်တာ အမြင်များကိုမေးမြန်း

uwintin_copy-2aungmoezaw_dpns           ဦးဝင်းတင်နှင့် စကားပြောခြင်း
         ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့။
              အာအက်ဖ်အေ

 ပါဝင်ဆွေးနွေးသူများ
ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ဦးအောင်မိုးဇော် ။ ။ အဘ နေကောင်းရဲ့လား၊ ကျန်းမာပါရဲ့လား ခင်ဗျ။
ဦးဝင်းတင် ။ ။ ကျန်းမာပါတယ်ဗျာ။ ဘယ့်နှယ်တုန်း ပြောပါဦး။ မတွေ့တာတောင် အတော်ကြာပြီ။
ဦးအောင်မိုးဇော် ။ ။ ဒီလို အဘရေ … အခုတလော ကျနော်တို့ အပြင်ကကြားနေရတာတွေပေါ့နော်။ ကျနော်တို့တိုင်းပြည်ထဲမှာ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေတယ်ဆိုတဲ့အသံတွေ တော်တော်လေးကို ပွက်လောညံနေတာ အဘရဲ့။ အဲ့ဒီလို အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုတာတွေနဲ့ပတ်သက်လို့ပေါ့နော် အဘရဲ့ အမြင်လေးတွေကို ကျနော်သိချင်ပါတယ် အဘ။
ဦးဝင်းတင် ။ ။ ဒီလိုဗျ။ ကျနော်တို့တိုင်းပြည်မှာ အခုဟာ ဒီ ၂၀၁၁ ခုနှစ်ကတည်းကစပြီးတော့ ထွက်လာတဲ့အသံတွေပေါ့ဗျာ။ အစိုးရကတော့ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပြီလို့ကို သူတို့က သတ်မှတ်တယ်။ Political Change ပေါ့။ အဲဒါ ရှိနေပြီလို့ အခိုင် အမာပြောနေတယ်။ ကျနော်တို့ NLD ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်နိုင်တဲ့ အခြေ အနေ ရှိနေတယ်လို့ ပြောတယ်။ နည်းနည်း သတိနဲ့ပြောတယ်ပေါ့ဗျာ။ နောက်တစ်ခါ နိုင်ငံခြားနိုင်ငံတွေက ပြောတာကတော့ မစ္စတာ အိုဘားမားက ပြောတဲ့စကားမျိုးဆိုရင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ဖို့အတွက် ရောင်ခြည်တွေသမ်းနေပြီ ဆိုတဲ့သဘောမျိုး ကို ပြောတယ်ဗျ။ အဲဒီ ၃ ခုပဲ ကျနော်ပြောချင်ပါတယ်။ အဲဒီတော့ ဒီသုံးသပ် ချက် ၃ ခုကို ကြည့်တဲ့အခါမှာ ကျနော်တို့ ဒီအစိုးရကပြောသလို တစ်ထစ်ချ နိုင်ငံရေး အပြောင်း အလဲတွေ ဖြစ်ပေါ်နေပြီ ဆိုတာကတော့ ကျနော့်ပုဂ္ဂိုလ်ရေးအရ ကျနော်ပြောရရင်တော့ မယုံကြည်ဘူး ဗျ။ နောက် ပြီးတော့ မှန်တဲ့အခြေအနေလည်းမဟုတ်ဘူးလို့ ကျနော်က သတ်မှတ်တယ်။ ဒါက တစ်ခုပေါ့။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ပြောသလို နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်နိုင်တဲ့ အခြေ အနေတွေ ပေါ်နေပြီဆိုတာ ဟာတော့ ဒါ စဉ်စားရမယ့်ကိစ္စပေါ့ဗျာ။
မစ္စတာ အိုဘားမား တို့ပြောသလို ရောင်ခြည်သမ်းပြီဆိုတာနဲ့ပတ်သက်လို့ကတော့ သူရောင်ခြည် သမ်းပြီလို့ပြောတာမျိုးကို နေ့သစ်တစ်နေ့ပေါ်မယ့်အတွက် အလင်းရောင်တွေ ထွန်းတောက် လာပြီးတော့ ရောင်နီတွေပျို့လာပြီးတော့ “အရှေ့တခွင်လုံးနီ” ဆို တဲ့ မြသန်းတင့်ရဲ့ စာအုပ်နာမည်လိုပေါ့ဗျာ။ အဲဒီလိုသဘောမျိုးဆောင်တဲ့ အခြေအနေတော့မဟုတ်ဘူးလို့ ကျနော်ကထင်တယ်။ မစ္စတာအိုဗားမားပြောတာကို ကျနော်က ဘယ်ပုံစံနဲ့လက်ခံချင်လဲဆိုတော့ ကျနော်တို့တတွေဟာ ဥမင်လိုဏ်ခေါင်းထဲမှာ ရှိတဲ့လူတွေ၊ ဥမင်လိုဏ်ခေါင်းထဲမှာရှိတဲ့လူတွေအဖို့က အလင်းရောင်တစ်ခုမြင်ရတယ်ပေါ့ အင်္ဂလိပ်လို Light in the Tunnel ဆိုတဲ့ စကားမျိုးပေါ့ ဗျာ။ ဥမင်ထဲမှာ အလင်းရောင်တော့ ပေါ်တယ်။ အလင်းရောင်ပေါ်ခြင်းဟာ အပေါက်ကလေးတစ်ခုရှိလို့ ဆိုတဲ့ သဘောမျိုးကိုတော့ ကျနော်က ထဲ့စဉ်းစားပါတယ် သုံးသပ်ပါတယ်လို့ ပြောချင်ပါတယ်။ ကဲ … ခင်ဗျားပြောချင်တဲ့ကိစ္စလည်း ပြောပါဦးဗျာ။

ဦးအောင်မိုးဇော် ။ ။ ကျနော်သိချင်တဲ့မေးခွန်းလေးတစ်ခု အဘကို ထပ်မေးချင်ပါတယ်။ လောလောဆယ်ဆယ် ကျနော်မပြောခင် ပေါ့နော်။ ခုနက အဘ ပြောသွားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပေါ့နော် ကျနော်တို့လည်းကြားပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပြီပေါ့နော်။ အဘလည်း ခုနကလို ပြောသွားတယ်ပေါ့နော်။ အဲဒီတော့ အဲ ဒီအခြေအနေတွေအောက်မှာ ရှေ့ဆက်တိုးချဲ့ပြီးတော့ သွားနိုင်ဖို့အတွက် ကျနော်တို့နိုင်ငံရေးအင်အားစုတွေပဲဖြစ်ဖြစ်။ ကျနော်တို့ တိုင်းပြည်ထဲက လူမှုအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် အားလုံးတူတူညီညီလက်တွဲပြီးတော့ စည်းစည်းလုံးလုံးနဲ့ တိုင်းပြည်ထဲမှာ လုပ်နိုင်တဲ့ အခြေအနေကော ပေါ်နေတယ်လို့ အဘ သုံးသပ်လို့ရပါသလား။ အဘ ဘယ်လိုမြင်ပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော်ကတော့ ဒီလိုပြောချင်တယ်။ ကျနော်တို့ဖက်ကနေပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ ကျနော်တို့အင် အားကို သုံးနိုင်တယ်၊ ကျနော်တို့ရဲ့ အသံတွေကို သုံးနိုင်တယ် သို့မဟုတ်ရင်လည်း ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို သုံးနိုင်တယ်ဆို တဲ့ဟာကိုပဲ ကျနော်က အခြေအနေလို့ သုံးသပ်ချင်တယ်ဗျ။ အဲဒီတော့ ကျနော်ဘာပြောချင်လဲဆိုတော့ အခုရှိနေတဲ့ အခြေအနေ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူပဲ ကျနော်တို့လက်ခံနေပါတယ်။ သို့သော် ကျနော်ပြောချင်တာက ဘာလဲဆိုတော့ ကျနော်တို့ရဲ့ အသံတွေ ချဲ့နိုင်တဲ့အခြေအနေရှိတယ်လို့ ကျနော် နည်းနည်းယူဆတယ်။ နောက်တစ်ခါ ကျနော်တို့ရဲ့ အင်အားတွေကို စုစည်းဖို့ အတွက် ရှိတဲ့အခြေအနေလို့ သုံးသပ်တယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့ လုပ်ငန်းတွေကို လုပ်ဖို့အတွက် အခြေအနေတော့ ရှိ တယ်လို့ အဲဒီလိုပဲ မြင်ပါတယ်လို့ပဲ ကျနော်ကတော့ ပြောချင်ပါတယ်။

ဦးအောင်မိုးဇော် ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါပဲ အဘ။ ကျနော်တို့မြင်တဲ့အမြင်ကတော့ တစ်ဖက်က နဂို အစိုးရလက်ထက်ကပဲဖြစ်ဖြစ်နဂိုအာဏာရှင်တွေလက်ထက်ကပဲဖြစ်ဖြစ် စစ်တပ်အုပ်ချုပ်ရေးအပြည့်အ၀ကိုင်ထားတဲ့ အခြေအနေတွေအောက်က ထိန်းချုပ် ထားတဲ့ဟာတွေကို လက်ရှိအစိုးရအနေနဲ့ တစ်ထစ်ချင်း တစ်ထစ်ချင်း တစုံတရာ လျှော့ပေးနေတယ်ဆိုတဲ့ အချက်တချို့ကိုတော့ ကျနော်တို့ တွေ့ရပါတယ်။သို့သော်လည်းပဲ ကျနော်မြင်တဲ့အမြင်ကတော့နော် ကျနော်တို့တိုင်းပြည်အနေနဲ့ပေါ့နော် တွေ့ဆုံဆွေးနွေးမှုက တဆင့်ပဲ ဖြစ်ဖြစ် အခုလက်ရှိ ရှိနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲတဲ့အဆင့်ကို မရောက်မချင်းတော့ ကျနော်တို့တိုင်း ပြည်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာရောက်ပြီလို့ ပြောဖို့ခက်တယ်လို့ ကျနော့်အနေနဲ့တော့ အဲဒီလိုပဲယူဆပါတယ်။ ဒါ့ကြောင့်မို့လို့ကနေ့ပြောင်းနေတဲ့အပြောင်းအလဲတွေကို ရှေ့ဆက်ပြီးတော့ မြန်မြန်ဆန်ဆန်ပြောင်းလဲဖို့ တော့ ၀ိုင်းဝန်းတိုက်တွန်းဖို့တော့ လိုလိမ့်ဦးမယ်လို့ ကျနော်ယူဆပါတယ်။
အထူးသဖြင့် ကျနော်တို့တိုင်းပြည်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စပေါ့နော်။ ဒီ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး မြန်မြန်ဆန်ဆန်လွှတ်ပေးတဲ့ အဆင့်ကို ဖြစ်ဖို့လိုအပ်သေးတယ်လို့ ကျနော့်အနေနဲ့တော့ယူဆပါတယ်။ ဒါ တစ်ချက်ပါ။
ဒုတိယတစ်ချက်ကတော့တိုင်းရင်းသားအင်အားစုတွေနဲ့လက်ရှိအစိုးရက တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်နေတယ်။စကား ပြောဆိုနေတယ်ဆိုတာတွေကို၏စသည်ဖြင့်ပေါ့နော် တွေ့ဆုံဆွေးနွေးနေတယ်
ဆိုတာတွေ ကြားနေရပါတယ်။ တပြိုင်နက်တည်းမှာ လည်းပဲ တိုက်ပွဲတွေက ဆက်တိုက်တွေဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ကြီး ကြီးမားမားဆက်ပြီးတော့ ရှိနေသေးတာတွေ ကျနော်တို့တွေ့ရတယ်ခင်ဗျ။ အဲဒီတော့ အဘရဲ့အမြင်နဲ့ သုံးသပ်ချက် ကလေးတွေ ကိုသိချင်တာက ကျနော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အလားအလာ။ နောက်တစ်ခုက ဒီ လူ့အခွင့်အရေးချိုးဖောက်မှု တွေ လျော့ပါးသွားဖို့။ နိုင်ငံရေးအကျဉ်းသားတွေ လုံးလုံးမရှိတော့တဲ့ အခြေအနေဖြစ်လာနိုင်တဲ့ အလားအလာပေါ့နော်။ အဘရဲ့ သုံး သပ်ချက်လေးတွေ အဘရဲ့အမြင်လေးတွေကို ကျနော်သိချင်ပါတယ် ခင်ဗျ။

ဦးဝင်းတင် ။ ။ ကျနော်ကတော့ ဒီလိုပြောချင်တယ်ဗျာ။ အခု ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မှတ်ပုံတင်ပြီးပြီ။ နောက်ပြီးတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း NLD အမတ်လောင်းတွေ ၀င်ပြီးတော့ ပြိုင်ဖို့ဆိုတာအတွက်ကို ကျနော်တို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီအခြေအနေတွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းချက်တစ်ခု မှာ “ကျမတို့ဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ပြောင်းလဲရေးကိစ္စ ကျမတို့ ဆောင်ရွက်သွားမယ်” ဆိုတာ တစ်ချက်ပါ တယ်။ နောက်တစ်ချက်ကတော့ “ကျမတို့နိုင်ငံမှာ တိုင်းရင်းသားချင်းပဋိပက္ခဖြစ်နေတဲ့ လက်နက်ကိုင်ပြဿနာတွေကို ရပ်စဲဖို့ ဖြေ ရှင်းဖို့ လုပ်မယ်” ဆိုတာ တစ်ချက်ပါတယ်။ နောက်တစ်ချက်ကတော့ “နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးကို ကျမတို့ဆောင်ရွက်မယ်” ဆိုတာ ပါတယ်။ အဲဒီတော့ ဒီအချက် ၃ ချက်လုံးက ခုနက ခင်ဗျားပြောတဲ့ အချက်တွေနဲ့သွားပြီးတော့ ကိုက်ညီနေတဲ့အခါကျတော့ ကျနော်ထင်တယ် ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ရဲ့ ရွေးကောက်ပွဲဝင်ခြင်း မ၀င်ခြင်းအပေါ်မှာ ခင်ဗျားတို့သဘောထားကတော့ တစ်ပိုင်းပေါ့ဗျာ။ သို့သော် ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ထားတဲ့ ဦးတည်ချက် ရည်မှန်းချက် လုပ်ငန်းစဉ်ကတော့ ခင်ဗျားတို့အတွက် သိပ်ပြီးတော့ ငြင်းပယ်စရာရှိလိမ့်မယ်မဟုတ်ဘူးလို့ ကျနော်ကတော့ ထင်ပါတယ်။

ဦးအောင်မိုးဇော် ။ ။ ဟုတ်ကဲ့ အဘ။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပဲဖြစ်ဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင် ရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဒီ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော် ဒီ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဦးတည်ပြီး တော့ အလုပ်လုပ်မယ့်ကိစ္စတွေအပေါ်မှာ ကျနော်တို့အနေနဲ့ သဘောတူညီမှုရှိတယ်။ ကျနော်တို့အနေနဲ့ ထောက်ခံမှုရှိတယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။
ဒီထက် ထပ်ပြီးတော့ ရှင်းရှင်းလင်းလင်းလေးဖြစ်သွားအောင် ကျနော်ထပ်ပြီးတော့ မေးကြည့်ချင်ပါတယ်။ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ကြည်နဲ့ လေးငါးကြိမ်တွေ့ခဲ့တယ်။ အခုနောက်ပိုင်းမှာ။ နောက် သမ္မတ ဦးသိန်းစိန်နဲ့ တစ် ကြိမ်တွေ့ခဲ့တယ်။ အဲဒီ တွေ့ဆုံဆွေးနွေးမှုတွေက ဆက်လာနိုင်တဲ့အခြေအနေရှိပါသလား။ ခုနက ရွေးကောက်ပွဲဝင်တဲ့ကိစ္စနဲ့ ပတ် သက်လို့လည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ၂၀၁၅ အထိ ဦးတည်ပြီးတော့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သွားမယ် စသည်ဖြင့်ပေါ့နော် အဘရဲ့ သုံးသပ်ချက်တွေကို ကျနော်တို့ကို ပြောနိုင်လို့ရှိရင် ပြောပြပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ဦးဝင်းတင် ။ ။ ကျနော် ဒီလိုပြောချင် တယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးတဲ့ ပုံသဏ္ဌာန်ကို သာမန်အားဖြင့်ဆိုလို့ရှိ ရင်တော့ ကောင်းမွန်ပြီ ပြည့်စုံပြီဆိုတဲ့သဘောကို ကျနော်တို့ မသတ်မှတ်ပါဘူး။ ဘာဖြစ်လို့မသတ်မှတ်လည်းဆိုတော့ ကျနော်တို့ တောင်းဆိုနေတဲ့ Political Dialogue က နိုင်ငံရေး အဖွဲ့အစည်း များ၊ နိုင်ငံရေးအင်အား စုများ၊ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင် တဲ့ နိုင်ငံရေးအင်အားစု များနဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ တောင်းဆိုချက်ဖြစ်တယ်။ ဒါပေမယ့် အခု သူတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့နေတဲ့ကိစ္စက နှစ်ဦးချင်းတွေ့ဆုံခြင်း ဟုတ်လား။ ဦးအောင်ကြည်နဲ့သော်လည်းကောင်းသမ္မတနဲ့သော်လည်းကောင်း ဒေါ် အောင်ဆန်းစုကြည်တွေ့ဆုံတဲ့
အခါမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းရဲ့ တွေ့ဆုံချက်လို ဖြစ်နေပါတယ်နော်။ အဲဒီတော့ ဒီ တွေ့ဆုံချက်တွေနဲ့ပတ်သက်လို့ သူတို့တွေ အကုန်လုံးထုတ်ပြန်ခြင်းပြုနိုင်တဲ့ အနေအထားလည်းမရှိဘူး။ ဘယ်အခြေအနေရောက် နေသလဲဆိုတာလည်း မသိဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီ အစိုးရခေါင်းဆောင်များ တွေ့ဆုံဖြစ်ခြင်းသည်ပင်လျှင် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲသဘောဆောင်တဲ့ လက္ခဏာရှိတယ်ဆိုတဲ့အနေနဲ့ ကျနော်တို့က လက်ခံနေကိုး။ လက်ခံနေတာဆိုတော့ ဒီ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ ဖြစ်နိုင်မလား၊ ရှိသေးသလား၊ ရပ်တန့်သွားပြီလားဆိုတဲ့ဟာနဲ့ပတ်သက်လို့တော့ ကျနော်တို့ကတော့ အကောင်းမြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲရောက်သွားတာ က တစ်ပိုင်း။ ဒီအစိုးရနဲ့ ကျနော်တို့ NLD လို အင်အားစုတွေ၊ သို့မဟုတ်ရင်လည်း NLD နဲ့ အခြားအခြားသော နိုင်ငံရေးအင်အားစု တွေ ပေါင်းစုပြီးတော့ ကိုယ်စားပြုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုတယ်ဆိုတဲ့ တာဝန်ပေးချက်နဲ့ပေါ့ဗျာ သို့မဟုတ်ရင်လည်း ဒီ နိုင်ငံရေးအင်အားစုများ အားလုံးရဲ့ဆန္ဒသဘောထားတွေကို သတ်မှတ်ပြဋ္ဌာန်းပြီးတော့မှ တွေ့ဆုံဆွေးနွေးတဲ့ပုံသဏ္ဌာန်မျိုးတော့ ရောက်မှာပဲ ဆက်လည်း ရောက်ဖို့လည်း လိုတယ်လို့ ကျနော်တို့ကတော့ အဲဒီလိုပဲ မြင်ပါတယ်။
ပါတီရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့တော့ ကျနော်လည်း သိပ်ပြီးတော့ မပြောနိုင်သေးဘူးပေါ့။ ဒါပေမယ့် ကျနော်ပြော နိုင်တာတစ်ခုကတော့ ဘာလဲဆိုတော့ ကျနော်တို့ဟာ ရေရှည်အတွက်လည်း မှန်းတာရှိပါတယ်။ ဘာလဲဆိုတော့ ကျနော်တို့ ဒီ ပါတီ အနေနဲ့ တည်ထောင်ဖို့အတွက်ကို တည်ထောင်လိုသူ ဆန္ဒပြုသူများဆိုတဲ့ ၂၁ ဦး စာရင်းကို ရွေးကောက်ပွဲကော်မရှင်ကို ပို့ရပါ တယ်။ ဒီ ဖွဲ့စည်းပုံက ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်ချက်နဲ့အညီပေါ့နော်။ အဲဒီတော့ ဒီအဖွဲ့ရဲ့လက္ခဏာကိုကြည့်ရင် (၁) ခေါင်းဆောင်စု (၂) အမျိုးသမီး (၃) တိုင်းရင်းသား (၄) လူငယ် ဆိုတာတွေက နောင် ပါတီက တလျှောက်လုံးလုပ်သွားမယ့် နောက် ရွေးကောက်ပွဲတွေ သို့မဟုတ်ရင်လည်း ပါတီခေါင်းဆောင်စုတွေ ရွေးချင်တင်မြှောက်တဲ့အခါမှာ ဒီ ၄ ချက်ဟာ ကျနော်တို့ရည်မှန်းတဲ့ ပါတီရဲ့ ပုံသဏ္ဌာန်သစ်ပေါ့ဗျာ ပါတီရဲ့ အသွင်သစ် တည်ဆောက်မှုအသစ်တွေလို့ ကျနော်တို့ သတ်မှတ်လို့ရပါတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ဟာ ၂၀၁၅ လိုကိစ္စမျိုး သို့မဟုတ်ရင်လည်း ၂၀၁၅ လွန်ကိစ္စတွေမှာ ဒီအင်အား ဒီပုံသဏ္ဌာန်နဲ့ပဲ လုပ် သွားမှာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့က လူငယ်တွေ အမျိုးသမီးတွေ တိုင်းရင်းသားတွေ လက်ရှိခေါင်းဆောင်စုကို ကျနော်တို့ က အခြေခံထားခြင်းအားဖြင့် လာမယ့် ၂၀၁၅ လိုကိစ္စမျိုးအတွက်ကျနော်တို့မှာအသင့်အနေအထားတော့ရှိတန်သလောက်ရှိတာ မြင်သာပါတယ်ဆိုတာ
ပြောချင်ပါတယ်။ အဲဒီတော့ ကျနော်တို့ပြောချင်တာ ဘာလဲဆိုတော့ ပြည်သူတွေအဖို့ကတော့ အလင်းရောင် တော့မြင်ရတယ် ဥမင်လှိုဏ်ခေါင်းထဲမှာတော့ ရှိနေရတုန်းပဲဖြစ်တယ်။ အဲဒီတော့ ဒီအစိုးရမှာလည်း သူ့ရဲ့ အစွဲအလန်းတွေ သူတို့ရဲ့ အမြစ်တွယ်နေတဲ့ အယူအဆဟောင်းတွေကလည်း ရှိနိုင်သေးတယ်လို့ ကျနော်တို့ ယူဆနေတယ်။ အဲဒါကြောင့် ကျနော်တို့အဖို့က တော့ ဥမင်လှိုဏ်ခေါင်းထဲကနေပြီးတော့ ထိုးထွက်ဖို့ ဖောက်ထွက်ဖို့ပဲ ဆက်ပြီးတော့ ကြိုးစားနေကြရဦးမှာပဲ ဒီလိုဆက်ပြီးကြိုးစား တဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ တပ်ဦးကနေပဲ ဆိုတဲ့စကားပဲ သုံးပါရစေ။ ကျနော်တို့ ဆက်ပြီးတော့ ကြိုးပမ်းသွားမယ်ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ်ဗျာ။ ကဲ နိဂုံးချုပ်ကလေး ပြောစရာရှိတာ ပြောပါခင်ဗျ။
ဦးအောင်မိုးဇော် ။ ။ ဟုတ်ကဲ့ အဘရေ။ အခြေခံကတော့ ကျနော်တို့မြင်တဲ့အမြင်ကတော့ အဘ အခုပြောဆိုနေတာတွေနဲ့ သိပ် ပြီးတော့ ကွဲလွဲမှုမရှိပါဘူး။ ဒီကနေ့အခြေအနေအထိတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ အစိုးရက ကဏ္ဍတချို့မှာ တစုံတရာလျှော့ ပေးလာတာ ဒါမှမဟုတ် သည်းခံလာတာဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့ တွေ့နေရတယ်။ သို့သော်လည်းပဲ ကျနော်တို့ တိုင်းပြည်ဟာ တကယ့် အဓိကကျတဲ့ ဖွဲ့စည်းပုံဆိုင်ရာပြင်ဆင်ရေးဆိုတဲ့ကိစ္စမျိုးကို မတက်လှမ်းနိုင်သရွေ့ပေါ့နော်ကျနော်တို့တိုင်း ပြည်ဟာဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကို
ရောက်တယ်လို့ ပြောဖို့ခက်ဦးမယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ တပြိုင်နက် တည်းမှာပဲ အဘတို့ဆွေးနွေးသွားသလိုပဲ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေတော့ရှိနေပြီ ဒီ အပေါ်မှာ ကျနော်တို့ ၀ိုင်းဝန်းပြီး တော့ ရှေ့ဆက်တိုးချဲ့နိုင်အောင် ကြိုးစားသွားရမယ်ဆိုတဲ့အချက်ပေါ်မှာလည်း ကျနော်တို့ သဘောတူပါတယ်။ တပြိုင်နက်တည်း မှာ ဒီလိုကာလမျိုးမှာ ကျနော်တို့အနေနဲ့ကတော့ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တကယ့်ကြံ့ခိုင်တဲ့နိုင်ငံရေးပါတီတစ်ခု၊ ရေရှည် အတွက် ကျနော်တို့အားလုံးက အားကိုးရတဲ့ ခိုင်ခိုင်မာမာနိုင်ငံရေးပါတီတစ်ခုအဖြစ် ကျနော်တို့ မြင်လိုပါတယ်။
အဘကို ကျေးဇူးတင်ပါတယ်။ အဘ ကျန်းမာရေးဂရုစိုက်ပါလို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ် အဘ။

ဦးဝင်းတင် ။ ။ ဟုတ်ကဲ့ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။