Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

7/28/2012

ရွေးကောက်ပွဲ ကော်မရှင်မှ ခေါ်ယူ အသိပေးခြင်း ခံခဲ့ရသည် ဆရာဦးဝင်းတင်ရဲ့ ဆောင်းပါးလက်ရာ

ရွေးကောက်ပွဲကော်မရှင်ကို သရော် လှောင်ပြောင်တဲ့ ရေးသားချက် တခုနဲ့ ဦးဝင်းတင် ဆောင်းပါး--
U Win Tin ဒီလှိုင်းဂျာနယ် ။အမှတ်(Vol.1.Nr.27) D Wave Vol.1.Nr.27

7/24/2012

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည်


အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း

မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။

ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။

‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။

(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)

မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။

* * *

ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။

ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။

ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။

ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။

ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။

ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။

ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။

ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။

ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။

သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။

‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် –

‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။

ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။

* * *

ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။

‘အောင်ဆန်းတို့ မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။

ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။

ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။

ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။

ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။

ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။

ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။

ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။

တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။

တက္ကသိုလ်နေ၀င်း

မင်းမဲ့ ဝါဒ (Anarchism) ဆိုတာ

သက်နိုင်
၁၉ ရာစု အစောပိုင်းလောက်မှာ မင်းမဲ့ဝါဒကို ပညာတတ်အချို့က စိတ်ဝင်စားစွာ သိပ္ပံနည်းကျ တည်ဆောက်ဖို့ အားထုတ်ခဲ့ကြပါတယ်။ သဘောတရားနဲ့ လက်တွေ့ညီညွတ်အောင် မပေါင်းစပ်နိုင်ခဲ့ပေမယ့် စိတ်ကူးယဉ်ဝါဒသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ ကမ္ဘာ့ အလုပ်သမားထုနဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သြဇာသက်ရောက်မှုတော့ ရှိခဲ့ပါတယ်။ ၁၈၆၄ ခုနှစ် စက်တင်ဘာ (၂၈)ရက်နေ့မှာ ပထမအင်တာနေရှင်နယ် (First International) လို့ ခေါ်တဲ့ ကမ္ဘာ့အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကြီး(International Workingmen’s Association) IWA ကို အင်္ဂလန်မှာ ဖွဲ့စည်းတော့ ဗြိတိသျှသမဂ္ဂလို စီးပွားရေးသီးသန့်ဝါဒနဲ့ လွတ်လပ်သော နိုင်ငံရေးအယူအဆရှိသူတွေ၊ ဆွစ်ဇာလန်လို လူမှုရေးဝါဒသမားတွေ၊ ဘယ်လ်ဂျီယံနိုင်ငံလို တဦးချင်း အရင်းအနှီးပိုင်ဆိုင်ရေးဝါဒီတွေ၊ ပြင်သစ်လို အပြန်အလှန်ရိုင်းပင်းကူညီရေးဝါဒခံယူသူတွေနဲ့အတူ ရုရှားမှ ဘာကူနင် (Bakunin) (၁၈၁၄-၇၆) ဦးဆောင်တဲ့ မင်းမဲ့ဝါဒီတွေ ပါဝင်ခဲ့ပါ တယ်။ ဒီအဖွဲ့ချုပ်ကြီးမှာ ကားလ်မတ် ပြင်ဆင်ရေးဆွဲတဲ့ အထွေထွေလုပ်ငန်းစဉ်မူကြီးကို လက်ခံ အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
0506 http://networkedblogs.com/t6kNN မှ ကူးယူဖော်ပြသည်။

7/13/2012

ဆင်ခြင်စရာ မြန်မာ့နိုင်ငံရေးပါ

ဆင်ခြင်စရာ မြန်မာ့နိုင်ငံရေးပါ
Ven Ravika

၁။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ နိုင်ငံရေးကျွမ်းကျင်မှုဟာ တခြားစီပါ။ ဦးနုက ဘာသာရေးနဲ့ လူတွေကို စုတယ်။ နေဝင်းက အရက်၊ မိန်းမ၊ အာဏာနဲ့ လူစုတယ်။ မဟုတ်တဲ့ခေတ်မှာ လူမိုက်က အရာရောက်တာမို့ ဦးနုက ပြုတ်ရတယ်။ နိုင်ငံရေးမှာ အလျှော့ပေးရုံနဲ့ အောင်မြင်နိုင်တယ်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ စစ်တပ်ထားစရာ လိုမှာမဟုတ်။

၂။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာ ပြည်သူတို့ရဲ့ထောက်ခံမှုကို ရထားတယ်။ ပြည်ပမှာဆို ထောက်ခံမှု ပိုရတယ်။ အတိုက်အခံတွေက သူတယောက်ထဲကို အားကိုးနေသလို ဖြစ်နေတယ်။ ဒု-သမ္မတများ ဖြစ်မလား၊ အောက်လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်မလား ဒီမိုသမားတွေ ခန့်မှန်းရတာလည်း အမောပါပဲ။ ဒါပေမယ့် ဒု-သမ္မတနေရာကို တပ်မတော်သားကိုယ်စားလှယ်များက အဆိုပြုရမှာဆိုတော့ မျှော်လင့်ချက် သိပ်ထားလို့ မရတော့။ ပြည်သူတို့ရဲ့မဲနဲ့ တက်လာတဲ့ ပုဂ္ဂိုလ်တွေလည်းမဟုတ်တော့ သူတို့တင်သွင်းတဲ့ ဒု-သမ္မတလည်း ပြည်သူ့သမ္မတ မဟုတ်။ စစ်တပ်အတွက် ဒု-သမ္မတသာ ဖြစ်တယ်။ အခု ဦးမြင့်ဆွေကို ရွေးတယ်လို့ သတင်းထွက်နေပြီ။

၃။ သိန်းစိန်အစိုးရဟာ အပြင်ပန်းအားဖြင့် ပျော့ပျောင်းတယ် ထင်ရပေမယ့် နအဖထက် မာတဲ့ အစိုးရပါ။ အတိုက်အခံများကို လမ်းဖွင့်ပေးတာထက် သူတို့ လမ်းပွင့်ဖို့က အဓိကပါ။ အခုနေအခါမှာ မြစ်ဆုံဆည်ကို ပြန်ဆောက်နေပြီ။ အမေရိကန်တို့နဲ့ စီးပွားရေးစာချုပ် ချုပ်ခဲ့ပြီ။ တရုတ်နဲ့ အမေရိကန် မတူပုံကို စာရေးသူတို့ သိပါတယ်။ ဒါပေမယ့် စီးပွားရေးသမားဟာ စီးပွားရေးသမားပါပဲ။

7/12/2012

ကျောင်းသားအချို့ရဲ့ ရင်တွင်းဖြစ်ကဗျာ..များ



အဖြေ
အမေနဲ့ အဖေတို့ ခေတ်တုန်းက
အမေတို့ အဖေတို့ က…..
အလုပ်ရုံးမှာ အလုပ်လုပ်နေတယ်
အချိန်ကျရင်
လယ်ထဲဆင်းတယ်
မငတ်ဘူး မပြတ်ဘူး……
အမေတို့ အဖေတို့ က
 ကြင်နာတတ်တဲ လူကုံထံတွေ
ဒါနဲ့ များသူတို့ က
ပေါင်မုန့် ကိုဖုန်သုတ်စားချင်သေး
ကျတော်တို့ ကျမတို့ ခေတ်မှာလည်း
ကျတော်တို့ ကျမတို့ က……..
အမေတို့ အဖေတို့ လိုပဲ
ပေါင်မုန့် ကိုဖုန်သုတ်တာကို လက်မခံဘူး…..
ကျတော်ကတော့ ပန်းဈေးခင်းထဲသွားတယ်
ခေါင်းကိုနှောက်သွားတာပဲ
ကျောက်ခဲအရည်ညစ်နည်းကိုတက်ချင်တယ်
လူညံတွေတော်ပါစေပေါ့……
အဲဒါနဲ့ 
နှစ်(၅၀)ပြည့် ကို အရည်ညစ်လိုက်တယ်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းထွက်လာတယ်
အဲဒါကျောက်ခဲအရည်ညစ်နည်းပဲ……
                                    ချစ်ထူး(၆။၇။၂၀၁၂)



ကမ္ဘာမကြေမှု့ဖြင့် ဒေါင်းမျိုးဆက်


ဒေါင်းမျိုးဆက်နဲ့လူငယ်တွေ
သမဂ္ဂအကြောင်း သိ၇တော့လဲ
ရင်နာမိတယ်
ကမ္ဘာမကြေဘူး သီချင်း ကြားရတော့လည်း
ရပ်တန့်နေတဲ့သွေးတွေ
ဆူပွက်လာတယ်
ဆဲဗင်းဂျူလိုင်ရောက်တိုင်း
ဖတ်မိပြန်တယ် သမဂ္ဂအကြောင်း
နားထောင်မိပြန်တယ်
ကမ္ဘာမကြေဘူးတဲ့
ကြည့်မိပြန်တယ်
ကျောင်းသားတွေအပေါ်
စစ်အစိုးရရဲ့
သတ်ဖျက်မှု့တွေ
သိရတော့လဲ
ဒေါင်းစိတ်ဓါတ်နဲ့
နုနယ်သေးတဲ့
ဒေါင်းပျိုတကောင်
ဖြစ်နေခဲ့ပြီ
အခုဆိုရင် ရဲရင့် မှုဖြင့်
ခွပ်တတ်လာအောင်
လေ့ကျင့်နေရင်း
နှစ် ၅၀ ပြည့် ဆဲဗင်းဂျူလိုင်
ရောက်ခဲ့ပြန်ပြီ
ဒေါင်းစိတ်ဓါတ်လည်း
ပိုတိုးလာလို့
သမဂ္ဂ ကိုဗုံး ခွဲတဲ့သူ
စစ်အစိုးရကို
တိုက်ထုတ်ပစ်ဖို.
ခွပ်ဒေါင်းအလံကိုကိုင်ကာ
ကမ္ဘာမကြေဘူးသီချင်းဆိုပြီး
တိုက်ပွဲဝင်နိုင်ဖို.
ဒေါင်းမျိုးဆက်မှ
ဒေါင်းပျိုများရေ။
လက်တွဲတတ်လှမ်း
ကြိုးပမ်းကြစို.
                        မြတ်နိုး



စစ်အစိုးရကိုတိုက်ဖျက်ကြစို့
ကျောင်းသားသွေးတွေ
ဖုံးလွှမ်းခဲ့တယ်
နေရာတိုင်းမှာ
ဆဲဗင်းဂျူလိုင်အဲဒီနေ့မှာ
ဖြစ်ခဲ့ရတဲ့အရေးအခင်းနဲ့
သေကြေကြတဲ့ ကျောင်းသားတွေရေ...
မင်းတို့ တာဝန်ကျေခဲ့ပါတယ်
ငါတို့ဖခင်ဗိုလ်ချုပ်က
လွတ်လပ်ရေးရဖို့အတွက်
မစားဘဲစွန့်ခဲ့သူ
ငါတို့စစ်ခေါင်းဆောင်ဆိုသူများကတော့...
မသွန့်ဘဲစားနေကြတဲ့
အမျိုးယုတ်တွေ
နိုင်ငံကြီးမှာ
ကျောင်းသားသွေးတွေ
ပြည့်လျှံသွားတာ
စစ်ခွေးတွေရဲ့ယုတ်မာမှုကြောင့်
ခံစားနေတဲ့ပြည်သူတွေအတွက်
သွေးတွေချွေးတွေထွက်နေပါစေ
ယုတ်မာလွန်းတဲ့
စစ်အစိုးရကို
တိုက်ဖျက်ပစ်ဖို့
ခွပ်ဒေါင်းအလံကိုရိုသေ
ပြည်သူတွေကိုအလေးထားပြီး
ဒီမိုကရေစီ ၇ရှိဖို့အတွက်
လက်တွဲ တတ်လှမ်း ကြိုးပမ်းသွားမယ်  

                                                            မြတ်နိုး

မျိုးဆက်သစ်တွက်() ဂျူလှိုင်
၆၂ ကနေ…. သူတို့ သူတို့တွေက……..
သမိုင်းတာဝန်တွေကို မျိုးစေ့ချပေးခဲ့ကြ…..
၇၄ မှာလဲ….သူတို့ သူတို့တွေက…….
ကျွေပွန်စွာ လက်ဆင့်ကမ်းထမ်းဆောင်ခဲ့ကြ
၈၈ မှာလဲ….သူတို့ သူတို့တွေက….
ပခုံးပြောင်း  တာဝန်ထမ်းဆောင်ခဲ့ကြ….
၉၃ မှာတော့…. သူတို့ သူတို့တွေရဲ့……
ဦးဆောင်လမ်းပြမှူတွေ….
တာဝန်ယူ တာဝန်သိတတ်မှုတွေ၊ရဲရင့်မှုတွေ….
အဓိဌာရုံမြင်ကွင်းတွေဖြစ်ပေမဲ့….
သတ္တိပြောင်မြောက်မှုတွေ၊ရဲရင့်မှုတွေ….
လူငယ်တွေရဲ့အတွေးအခေါ်တွေ စတဲ့….
၆၂၊၇၄၊၈၈၊ ကသူတို့တွေ သူတို့တွေရဲ့….
ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို
ကမ္ဘာတည်သရွေ့ တည်တံ့အောင်….
၉၃ က ကျွန်တော်တို့ ကျွန်မတို့….
မျိုးဆက်သစ်တွေက အတွေးအခေါ်သစ်တွေနဲ့ ….
လက်ရှိ ()ဂျူလှိုင်…. မျိုးဆက်သစ်()ဂျူလှိုင်
အနာဂတ် ()ဂျူလှိုင်တွေများစွာ များစွာတွက်….
သမဂ္ဂကြီးကို ဆက်လက် ပခုံးပြောင်းယူကြစို့
                                           စုစုစံ….

ကျောင်းသားသမိုင်းရိုင်းစပြုပြီ
7.7.62 ကိုမမေ့နဲ့ဆိုတဲ့
မြောင်းမြသားကိုကျော်ဝင်းရေ.
လုံးဝမမေ့ရပါဘူး...
 ကျောင်းသားပဲ ကျောင်းတက်ရမှာပေါ့
ကျောင်းသားပဲ စည်းလုံးရမှပေါ့
ကျောင်းသားရှိရင် သမဂ္ဂရှိရမှာပေါ့
ကျောင်းသားရှိရင် ကျောင်းသားမူရှိရမှာပေါ့..
 ကျောင်းသားသမိုင်းဟာလဲ....
ဘယ်တော့မှ မရိုင်းခဲ့ဘူး
ရိုင်းအောင်လဲ သင်ပေးမယ်သူလဲမရှိဘူး..
အခုတော့....  သမိုင်းဖျက်မည့်သူတွေ...
  သမိုင်းဖျက်မည့်သူတွေ...
ကိုကျော်ဝင်းရဲ့ စာတိုလေးကို
ဖျက်မည့်သူတွေ....
ကိုတင်မောင်ဦးပြောတဲ့ စစ်ဖိနပ်အောက်မှာ
ဒူးထောက်မည့် သူတွေကြောင့်..
 ကျောင်းသားသမိုင်းရိုင်းစပြုလာပြီ......
                                                တင်မောင်ဝေ
မေးခွန်း(သို့) စစ်တမ်းကောက်ခြင်း

၆၂ , 74 , ၈၈
 အရေးခင်းတွေတဲ့
ဒါတွေအားလုံးကဘာတွေလဲ??
 သိချင်တာတော့ရှိခဲ့တယ်
ဘာလို့လုပ်တာလဲ
အရေးအခင်းတွေ တော်လှန်မှု
ဆိုတာတွေကိုပေါ့….
 ကျောင်းသားတွေရဲ့အလုပ်က
ကျောင်းတက်ရမှာလား
သပိတ်မှောက်ရမှာလား...?
 ကျောင်းသားသွေးနဲ့ ပေတရာက
သင်္ဂဇာတ ဖြစ်နေတာလား
အာဏာရှင်နဲ့ ကျောင်းသားတွေက
ဆန်ကျင့်ဘက်ဖြစ်နေတာလား
 ကျောင်းသားတွေကိုကောသေလမ်းပေါ်
ရောက်အောင် တွန်းပို့နေတာကော
ဘယ်သူလဲ?? ရဲဘော်တို့ဖြေပေးပါ

                        တင်မောင်ဝေ(21.7.2011)


ရင်ထဲက မေ့မရတဲ့7 July
ပြန်တွေးကြည့်လိုက်တိုင်း
ဖြစ်ပျက်ခဲ့တာတွေက
မဝေးလှတဲ့အတိတ်ဆီကို
 ပြန်ရောက်လို့သွားတယ်………
အချိန်တွေကရပ်တန့် ကာမနေ
ရက်တွေလည်း ကွယ်လွန်ကာပျောက်ဆုံး
စက္ကန့် နာရီ မိနစ်အားလုံး
အရည်ပျော်ကာပျက်သုဉ်း
လက်ချိုးကာ ရေတွက်ကြည့်ပြန်တော့
နှစ်ပေါင်း(၅၀)တင်းတင်း
ပြည့်ခဲ့လေပြီ။
အုပ်စိုးသူယုတ်မာရက်စက်
အာဏာရူးတဲ့လူတစုကြောင့်
သမိုင်းတွင်တဲ့ ဒီအဆောက်အဦး
`၀ုန်း´ကနဲ ပေါက်ကွဲသံနဲ့အတူ
အပိုင်းအစများ လေထဲသို့လွင့်စင်ကာ
မြေပြင်ပေါ်မှပြိုလဲခဲ့ပြီး
ကွယ်ပျောက်သွားရလေပြီ……………
စကားလုံးတွေက ရင့်သီးလှပေမယ့်
စိတ်ခံစားချက်တွေ ပြည့်နှက်နေတဲ့
ကျောင်းသားတယောက်ရဲ့ ရင်ဘတ်အထဲမှာ
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့
မိစ္ဆာဘီလူး ဖောက်ပြန်တဲ့အာဏာရူးတွေကို
မေ့ပျောက်ဖို့ရာ
ဘယ်ကဲ့သို့စွမ်းဆောင်ရမည်နည်း ။
ထာဝစဉ်နုပျိုနေမယ့် တကသနှင့်အတူ
ဇကောလောက်မှ ဇောက်မနက်တဲ့
ဖောက်ပြန်သူ အာဏာရူးများသတ်ဖြတ်မှုကြောင့်
ကျဆုံးသွားတဲ့ကျောင်းသား ကျောင်းသူတွေအတွက်
လဇူလိုင် 7ကိုရောက်တိုင်း
လွမ်းသူပန်းခွေ အကြိမ်ကြိမ်ချကာ
ငိုးကြွေးရင်း ဟစ်ကြွေးမိသည်က
တကသအဆောက်အဦး အမြန်ဆုံးပေါ်ထွက်လာပါစေ……..
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အမွေအနှစ်
အမြစ်ပြတ် ကျဆုံးစေရမည်….ပျောက်ကွယ်စေရမည်……
အမြစ်ပြတ် ကျဆုံးစေရမည်….ပျောက်ကွယ်စေရမည်……
အမြစ်ပြတ် ကျဆုံးစေရမည်….ပျောက်ကွယ်စေရမည်…..
ရေရွတ်ရင်း.....။
                                                     တူတော်မောင်

7/11/2012

ဆိုရှယ်လစ် ဆိုတာ....


ဆိုရှယ်လစ်စနစ်သည် ၂၀ ရာစု၏ မဟာဝါဒ၊ မဟာဘဝကြီးတစ်ခု ဖြစ်ခဲ့သည်။ ဆိုရှယ်လစ်စနစ်က ပြည်သူတွေကို မည်သည့် ကတိများ ပေးခဲ့သနည်း။ ချမ်းသာရမည်၊ ညီမျှရမည်၊ ဆင်းရဲခြင်း ကင်းရမည်၊ ဒုက္ခတွေ ကင်းဝေးရမည်၊ ဖိနှိပ်မှုတွေ ကင်းရမည် စသည်ဖြင့် အမျိုးမျိုးသော ဟောပြောချက်များကြားတွင် ပြည်သူတွေက ဘဝသစ်တစ်ခုကို မျှော်မှန်းရင်း စိတ်ကူးတွေ ယဉ်ခဲ့ကြသည်။ အခြားဘာကိုမျှ နားမယောင် ချင်နေပါစေ၊ ‘သာတူညီမျှ’ ဆိုသည့် စကားသည် စိတ်ချမ်းသာမှု အပေးနိုင်ဆုံး စကားလုံးလေးတစ်လုံး ဖြစ် မည်ထင်သည်။
          ဆိုရှယ်လစ်စနစ် အစတွင် လူတွေက အရင်းအနှီး စုဆောင်း၊ ဘုံဝါဒကို တည်ဆောက်ကာ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရင်း အောင်မြင်မှုလေးတွေ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဗဟိုဦးစီး ချုပ်ကိုင်မှုစနစ်က ကြီးစိုးလာသည့်အခါ အောက်ခြေနှင့် ကင်းကွာပြီး ကျဆုံးခန်းများနှင့် ရင်ဆိုင်လာရသည်။ အစပိုင်းတွင် ရရှိခဲ့ သည့် အောင်မြင်မှုများသည် အစိုးရ ကြားဝင်လိုက်မှ ပျက်စီးရကိန်း ဖြစ်လာခဲ့ရသည်။ မက်လုံးပေးထားသည့် အသားတုံးကြီးသည် စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း ဖြစ်လာရသည်။ ရေရှည် ကျင့်သုံးကြည့်လိုက်မှ ဆိုရှယ်လစ်စနစ်သည် နိုင်လိုမင်းထက် ပြုကျင့်မှုများ၊ မလွတ်လပ်မှုများ၊ ချုပ်ကိုင်မှုများ၊ အလုပ်မဖြစ်မှုများနှင့် ရင်ဆိုင်လာရသည်။
          ဆိုရှယ်လစ်စနစ် အခြေခံ သဘောတရားသည် ပိရမစ် ရင်းနှီးမြုပ်နှံမှုကို မူလက အခြေခံသည်။ ထိုသဘောတရားကလည်း မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စကတည်းက မှားနေသောကြောင့်ဟု ထောက်ပြကြသည်။ အလားတူ ပြည်သူပိုင် ပြုလုပ်ခြင်းဖြင့် ကုစားကြသော်လည်း ပျော့ကွက် အားနည်းချက် တွေ များသဖြင့် အနာနှင့်ဆေး တည့်အောင် မပေးနိုင်သေးပဲ နာတာရှည် ဖြစ်လာရသည်။ ဆိုရှယ်လစ်စနစ် မအောင်မြင်ရခြင်းသည် တရားသေ သဘောတရားများကို ဆုပ်ကိုင်လွန်းခြင်းကြောင့် ဖြစ်သည်။ လူ့သဘော နှင့် လူ့မနောသည် ရပ်တန့်နေသည့်အသွင် မဆောင်ကြောင်း ဆိုရှယ်လစ်ဝါဒီတွေက မမြင်နိုင်ခြင်းသည် ကျဆုံးခန်းသို့ ဖန်လာစေသည့် အကြောင်းတရားများ ဖြစ်လာခဲ့ရသည်။ ကမ္ဘာတွင် ဤစနစ်ကျင့်သုံးသည့် နိုင်ငံများအတွင်း ကျဆုံးရခြင်းသည် ‘လူတွေကို မက်လုံး ကောင်းကောင်း မည်သို့ ပေးသင့်ကြောင်းကို နားမလည်ကြသောကြောင့်’ ဟူ၍လည်း သုံးသပ်ကြသည်။
          အရင်းရှင်စီးပွားရေးစနစ်တွင် ‘မက်လုံး’ သည် အဓိက ကျင့်သုံးရသည့် သဘောတရား ဖြစ်သည်။ ဈေးနှုန်းတန်ဖိုး၊ အရှုံး အမြတ်၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ ရောင်းသူ ဝယ်သူ သဘောတူလျှင် အပြန်အလှန် လွတ်လပ်စွာ လုပ်ကိုင်ခွင့် စသည့် တိုက်ရိုက် စီးပွား ကုန်သွယ်ခွင့်တို့သည် အရင်းရှင်စနစ်၏ မက်လုံးများ ဖြစ်သည်။
          ဆိုရှယ်လစ်စနစ်တွင် မက်လုံးသည် သာမန်မျှသာ ဖြစ်သည်။ ဗဟိုဦးစီး ချုပ်ကိုင်မှုဖြင့် ဈေးကွက် စီးပွားရေးစနစ်ကို ထိန်းချုပ်ထားသဖြင့် ဈေးကွက်တန်ဖိုးနှင့် အကျိုးအမြတ်များ ပျောက်ကွယ်နေရသည်။ နိုင်ငံတော်က ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ချုပ်ကိုင်ထားပြီး အရာရာတွင် နိုင်ငံတော်ပိုင် ဖြစ်နေသဖြင့် စီးပွားရေး လုပ်ဆောင်နိုင်မှုကို တိုက်ရိုက် သက်ရောက်နိုင်စွမ်း မရှိပေ။ မက်လုံးပေးမှုကို မလိုအပ်ဟု ထင်ခြင်း၊ လူ့သဘော လူ့သဘာဝကို လျစ်လျူရှုခဲ့ခြင်းတို့သည် ဆိုရှယ်လစ်စနစ် ကျဆုံးခဲ့ရခြင်း၏ အခြေခံ အကြောင်းတရားများ ဖြစ်ခဲ့ရပါသည်။
          လက်ရှိ အနေအထားတွင် မာ့က်စ်ဝါဒီတွေကလည်း ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ သူတို့ ကျဆုံးခန်း ရောက် နေပြီ ဖြစ်ကြောင်းကို လက်ခံကြပါသည်။ လက်တွေ့မဆန်သည့် သဘောတရားကြောင့် ကျဆုံးရကြောင်း သူတို့ ကိုယ်တိုင် ဝန်ခံခဲ့ကြသည်။ စစ်မှန်သည့် ဆိုရှယ်လစ်ဝါဒကို မကျင့်သုံးနိုင်ခြင်းကြောင့်ဟု ဝေဖန် ပြောဆိုကြ သည်။ စစ်မှန်သည့် ဆိုရှယ်လစ်သဘောတရားကို မာ့က်စ်က သဘောတရားနှင့် လက်တွေ့ ပေါင်းစပ် ကျင့်သုံး ရန် လမ်းညွှန်ပေးခဲ့ပြီးသား ဖြစ်သည်။ သို့သော် လက်တွေ့ဘဝတွင် ဆိုရှယ်လစ်စနစ်ကို အကောင်အထည် ဖော်ကြရာ၌ ကိုယ်လိုရာ ဆွဲပြီး အကောင်အထည် ဖော်ကြသောကြောင့် အရင်းရှင်စနစ်ကို လွှမ်းမိုးနိုင်ရမည် ဟူ၍ ကြွေးကြော်ခဲ့ရာမှ အရင်းရှင်စနစ် ကျောက်ဆောင်ကို ခေါင်းနှင့် သွားတိုက်သလို ဖြစ်သွားခဲ့ရသည်။
          မပြည့်ဝသည့် ဆိုရှယ်လစ်စနစ်ဖြင့် အကောင်အထည်ဖော်ကြရာတွင် စီးပွားရေးသာ မဟုတ်၊ နိုင်ငံရေး အရလည်း ကျဆုံးမှုတွေ များလှသည်။ နိုင်ငံရေးစနစ်များဖြစ်သည့် ဆိုရှယ်လစ်စနစ်၊ အရင်းရှင်စနစ်၊ ဖက်ဆစ် စနစ်၊ ကွန်မြူနစ်စနစ် စသည်တို့တွင် သူ့စနစ်နှင့်သူ ခိုင်မာသည့် မူဝါဒ သဘောတရား၊ လမ်းစဉ်နှင့် ကျင့်သုံးမှု များ ရှိပြီးသား ဖြစ်သည်။
          ထိုဝါဒ သဘောတရားများကို လိုက်နာ ကျင့်သုံးသည် ဆိုရာတွင် အတိုင်းအတာတစ်ခုအတွင်း ကန့်သတ်ချက် တစ်စုံတစ်ရာနှင့် ရင်ဆိုင်ကြရသည်။ လူကြောင့် လည်းကောင်း၊ မူကြောင့် လည်းကောင်း၊ သယံဇာတ ရင်းမြစ်များကြောင့် လည်းကောင်း မတူညီသည့် ခံယူကျင့်သုံးမှုများ ဖြစ်နိုင်ပါသည်။ သယံဇာတ ရှားပါးသည့် နိုင်ငံများ၊ ဆင်းရဲသည့် နိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မက်လုံး မည်သို့ ပေးနိုင်မည် နည်း။ သို့ဖြစ်ရာ နှစ်ပိုင်း တစ်ပိုင်း ဆိုရှယ်လစ်၊ သုံးပိုင်း တစ်ပိုင်း အရင်းရှင်စနစ်များကို ကျင့်သုံးလာကြရတော့ သည်။ တင်းပြည့် ကျပ်ပြည့် မရသည်ချင်းအတူတူ အရင်းရှင်စနစ်က စီးပွားရေးထွက်ပေါက်ကို အမြန်ဆုံး ရှာပေးနိုင်သည့်အတွက်လည်း အရင်းရှင်စနစ် ဆက်လက် အောင်ပွဲခံနေရသည်ဟု ဆိုနိုင်သည်။
          အရင်းရှင်စနစ် အောင်ပွဲခံနိုင်ခြင်းသည် အောက်ပါတို့အပေါ်တွင် အခြေခံနေသောကြောင့် ဖြစ်သည်။
၁။  ဈေးနှုန်း၊ ဈေးကွက်တွန်းအားဖြင့် ဆုံးဖြတ်ခြင်း၊
၂။  အရှုံးအမြတ်ကို တွက်ချက်နိုင်ခြင်း၊
၃။  ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် တို့ ဖြစ်သည်။
          ဆိုရှယ်လစ်စနစ် ကျဆုံးရခြင်းသည် အထက်ပါအတိုင်း မက်လုံးအဖြစ် မကျင့်သုံးနိုင်ခြင်းကြောင့် ဖြစ်ပါ သည်။
          ဈေးနှုန်း ဆိုသည့် မက်လုံး မရှိလျှင် အရှုံးအမြတ် မတွက်နိုင်၊ အရှုံးအမြတ် မရှိလျှင် ပုဂ္ဂလိက ပိုင်ဆိုင် ခွင့်လည်း မရှိနိုင်ပေ။ ထိုအကျိုးတရား မက်လုံး မရှိသည့် ဆိုရှယ်လစ် စီးပွားရေးစနစ်သည်လည်း ထင်တိုင်း ခရီးမပေါက်၊ မြင်တိုင်း မပြီးမြောက်ခဲ့ပေ။ ဆိုရှယ်လစ် စီးပွားရေးစနစ်အောက်တွင် အရေးပါသည့် စီးပွားရေး လုပ်ငန်းသည် မထွန်းကားသဖြင့် ပြည်သူတို့ကို မက်လုံးတစ်ခု အနေဖြင့် ဆွဲဆောင်နိုင်စွမ်းလည်း မရှိခဲ့ပေ။
          မည်သည့်နိုင်ငံတွင်မဆို တစ်ဖက်က လစ်ဟာချက်များကို တစ်ဖက်မှ သဘာဝရင်းမြစ်များဖြင့် အစားထိုးကာ ထိန်းလေ့ရှိကြသည်။ ဥပမာ ရုရှားနိုင်ငံသည် သဘာဝရင်းမြစ် အကြွယ်ဝဆုံး နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ စိန်၊ ရွှေတို့သည် သုံးမကုန်အောင် ပေါကြွယ်လှသည်။ စိုက်ပျိုးမြေလည်း အလုံအလောက် ရှိသည်။ လယ်ယာ၊ ချောင်းမြောင်း၊ သစ်တော၊ ရေတွင်း ရေကန် ပေါကြွယ်လှသော်လည်း ရုရှားသည် ထင်သလောက် မချမ်းသာ။ သဘာဝအရင်းအမြစ်များ မည်မျှပေါများသည် ဆိုစေ အမှန်တကယ် မူလရင်းမြစ်သည် လူသားရင်းမြစ် ဖြစ်သည်။
          ပြည်သူကို မြှင့်တင်ခြင်းသည် သဘာဝတရားကို မြှင့်တင်ပေးခြင်းဖြစ်ပြီး ပိတ်ပင်ခြင်းသည် စိတ်ဓာတ် အရရော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ပိတ်ပင် တားဆီးရာ ရောက်သည်ဟု ဆိုရှယ်လစ်စနစ်က မမြင်ဘဲ အရာရာတွင် စီမံကိန်းများ ချမှတ်ပြီး လွတ်လပ်စွာ အကောင်အထည် မဖော်နိုင်သည့်မူကြောင့် အောင်မြင် တိုးတက်မှုများနှင့် အလှမ်းကွာဝေးနေရသည်။ ဆိုရှယ်လစ်စနစ် ကျဆုံးရခြင်းသည် လူတို့၏ စိတ်ဓာတ်ကို သတ်ပစ်တတ်သည့် ဉာဉ်ဆိုးများကြောင့်ဟု ဆိုသည်။
          စီးပွားရေးစနစ်သည် ဗဟိုဦးစီးချုပ်ကိုင်မှုမှသည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်၊ အရင်းရှင် စီးပွားရေးစနစ်၊ ဒီမိုကရေစီသို့ အဆင့်ဆင့် ကူးပြောင်း တောင်းဆိုလာကြသည်။ အမေရိကန်ကို အသွင်ကူး ပြောင်းရေးအတွက် စံအဖြစ် နိုင်ငံတိုင်း ရှုမြင်သုံးသပ်လာကြသည်။ အမေရိကန်ဆိုသည့် နိုင်ငံကလည်း နှစ်ပေါင်း ၂၅၀ ခန့် ကန့်သတ်ထားသည့် အစိုးရအောက်တွင် ပွင်းလင်းသည့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသဖြင့် တိုးတက်မှုအရှိန်မကျသည့် စံပြနိုင်ငံ ဖြစ်နေသည်။ ‘လွတ်လပ်ခြင်း’ နှင့် ‘လုပ်ပိုင်ခွင့် ရှိခြင်း’ တို့သည် ထွက်ပေါက်လားဟု လူတိုင်း စိတ်ဝင်စားလာကြသည်။
          နိုင်ငံနှင့် ပြည်သူတို့ကို ဈေးကွက်စီးပွားရေးစနစ်ဖြင့် လမ်းဖွင့်ပေးရန်၊ လွတ်လပ်ခြင်းနှင့် လုပ်ပိုင်ခွင့် အတွက် ဒီမိုကရေစီကို ဖော်ဆောင်ပေးရန် ဆိုသည်မှာ လူတိုင်း၏ မျှော်လင့်ချက်များ၊ နိုင်ငံအစိုးရတို့၏ တာဝန်ဝတ္တရားများ ဖြစ်လာခဲ့ရသည်။ ဗဟိုချုပ်ကိုင်မှုသည် ပြည်သူတို့ ချမ်းသာမှု မဟုတ်၊ အစိုးရ လက်တစ်ဆုပ်စာ ချမ်းသာမှုသာ ဖြစ်သည်ဟု အတွေးအမြင်တွေ ထုတ်ဖော်လာကြသည်။
          ဆိုရှယ်လစ်စနစ်က ပြည်သူများအား ‘လွတ်လပ်မှု နည်းနည်းလေး အဆုံးရှုံးခံလိုက်ပါ၊ ငါတို့က လုံခြုံမှု ပေးပါမည်’ ဟု အာမခံထားသည်။ သို့သော် ရာစုနှစ်ပေါင်းများစွာ ‘ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မဝ’ ဖြစ်လာသည့်အခါတွင် ပြည်သူတွေက သံသယ ဖြစ်လာကြသည်။ သံသယသည် လွတ်လပ်မှုရော၊ လုံခြုံမှုကိုပါ ဆုံးရှုံးစေတော့သည်။
          ဆိုရှယ်လစ်စနစ်တွင် ဆေးဝါးကုသပိုင်ခွင့်၊ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ သာတူညီမျှ လုပ်ခ စသည်ဖြင့် မက်လုံးများရှိသော်လည်း ‘အပေါ်ယံ ရွှေမှုန်ကြဲ၊ အတွင်းက နောက်ချေးခံ’ ဆိုသလိုမျိုး ဖြစ်နေသည် ကများသည်။ ဆိုရှယ်လစ်စနစ် ကျဆုံးရခြင်းသည် အပေါ်ယံကိုသာ ကြည့်ပြီး အတွင်းကို မရှုမြင်နိုင်ကြသဖြင့်၊ ရှုမြင်ခွင့် မရစေရန် ဖုံးကွယ်ထားတတ်ကြသဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်သည် ဟူ၍လည်း ဆိုနိုင်သည်။ ပြည်သူကို မည်သို့ မက်လုံးပေးပြီး ဆွဲဆောင်ရမည်ကို လျစ်လျူရှုကာ ‘မဟာလိမ်လည်မှုများ’ အောက်တွင် စီမံကိန်းများကို အကောင်အထည် ဖော်ပြီးရင်း ဖော်ကာ နှစ်တို၊ နှစ်ရှည်များဖြင့် အချိန်ကုန်နေကြရသည်။ သို့သော် ဆိုရှယ်လစ် စနစ် ပျောက်ကွယ်သွားမည်လောဟု စောကြောစရာရှိသည်။ ကမ္ဘာမြေမှ လုံးဝ ကွယ်ပျောက်သွားရန်ကား မဖြစ်နိုင်သေးပေ။
          ဆိုရှယ်လစ်စနစ် ချုပ်ငြိမ်းသည်ဖြစ်စေ၊ မချုပ်ငြိမ်းသည်ဖြစ်စေ လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်တို့ကို လူသားတိုင်း ခံစားခွင့်ရရှိရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ သမိုင်းတွင် လွတ်လပ်စွာအသက်ရှူခွင့်ရသည့် ကမ္ဘာနှင့် ပိတ်လှောင်ခံထားရသည့်ကမ္ဘာတို့အပေါ် ပြည်သူတို့ သုံးသပ် ဆုံးဖြတ်နိုင်ကြပြီ ဖြစ်သည်။ အရင်းရှင် စနစ် တိုးတက်ရခြင်းသည် ပြည်သူတို့စိတ်ဓာတ်ကိုဖွင့်ပေးပြီး လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်ခြင်းဖြင့် လူသားထံမှ ပြန်လည်ရယူခံစားခြင်း ဖြစ်သည်။ ချွေတာမှ ဖြစ်မည်၊ အလုပ်လုပ်မှ ဖြစ်မည်၊ ကျွမ်းကျင်မှ ဖြစ်မည် ဆိုသည့် အသိများဖြင့် အရင်းရှင်စနစ်က ဓနအင်အားကို ရှာဖွေစုဆောင်းသည်။ ဆိုရှယ်လစ်စနစ်က လုပ်လုပ် မလုပ်လုပ် ထမင်းတစ်လုတ်ကို ရှာဖွေကျွေးရမှာ အစိုးရအလုပ်ဟု ယူဆနေသဖြင့် ပြည်သူတွေ ငုတ်တုတ် ဖြစ်နေကြရသည်။

          ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့ ကွာခြားချက်မှာ အရင်းရှင်စနစ်က ဆက်လက် အလုပ်ဖြစ်နေပြီး ဆိုရှယ်လစ်တွေ တဖြည်းဖြည်း ကွယ်ပျောက်ကုန်ခြင်း ဖြစ်သည်။


တင်ညွန့်
ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရေစီနိုင်ငံသား
/

အရင်းရှင်စနစ် ဆိုတာ.......



အရင်းရှင်စနစ်ကို တကယ်ကျင့်သုံးချင်ရင် သနားတာတခုတည်းကို ကြည့်နေလို့ မရတာတွေရှိတယ်။  ဥပမာ လူငါးယောက်ရှိတဲ့ ဌာနအုပ်စုတခုမှာ လူတယောက်က အချောင်ခိုတယ်။ ဒါမှမဟုတ် ကျန်တဲ့သူတွေကို လိုက်မမီဘဲ အလုပ်မပြီး ဘူးဆိုပါတော့။
ကျန်တဲ့ လူလေးယောက်က ပိုအလုပ်လုပ်ရတော့မယ်။ မလုပ်ရင် အလုပ်မပြီးရင် အားလုံးအလုပ် ပြုတ်ကြမှာကိုး။ ကြာတော့လည်း ကျန်တဲ့သူတွေပါ စိတ်ဓာတ်ကျဆင်း လာနိုင်တယ်။ ဒီတော့ အလုပ်မတွင်တဲ့သူကို ဖြုတ်ပြစ်ရမှာပဲ။ Individualism ဆိုတာဒါပဲ။ လူတိုင်း ကိုယ့်အတွက် ကိုယ်တာဝန် ယူကြရမှာပဲ။
ထိုနည်းတူစွာပဲ တိုင်းပြည်နဲ့ ဆိုင်တဲ့ မက်ကရို စီးပွားရေးမှာလည်း ပြဿနာဖြစ်ရင် ပိုနေတာတွေကို လျော့ချ၊ ခြိုးခြံ
ကြ၊ ပြီးရင်တခါပြန်ထ ရုန်းကန်လှုပ်ရှားပြီး နလန်ထူလာကြပြီး စီးပွးရေး ကျန်းမာလာတော့ ထပြေးကြပြန်တာပေါ့။ သဘာဝတောမီးလောင် သလိုပေါ့။ ခြောက်နေတဲ့ ရွက်အိုသစ်ပင်အိုတွေ လောင်ပြီးသွားရင်၊ ရွက်နုတွေ ပေါက်လာပြီး သစ်စိမ်းတွေနဲ့ နုပျိုလန်းဆန်းတဲ့ သစ်တောတခု ပြန်ပေါ်လာသလိုပဲပေါ့။
ရောနယ်ရီဂင် လက်ထက်မှာ အဆောက်အဦး Real Estate Boom ပူဖေါင်းလို တရှိန်ထိုး တိုးတက်မှု (Boom)
ဖြစ်တယ်။ တချိန်တည်းမှာ သမဝါယမလို အသေးစား ငွေချေးဌာန Savings and Loans တွေ Boom ဖြစ်တယ်။ ထုံးစံအတိုင်း Boom ဖြစ်တော့ အလွန်အကျွံတွေ၊ ပြုန်းတီးမှုတွေ ပါလာတာပေါ့။ Boom ဖြစ်ရင် ပူဖေါင်းကွဲသလို Bust ဆိုတာ လာတာပဲ။ သမ္မတ ရီကင်ပြီးတော့ ပထမ ဂျော့ဘုရှ် (၄၁) က သမ္မတဖြစ်တော့ ရီပတ်ဘလီကင် ဆိုတော့ အရင်းရှင်ဆန်ဆန် ငွေချေးဌာနတွေကို ကိုင်တွယ်တာပေါ့။
Resolution Trust Corporation (RTC) ဆိုပြီး ကွန်ကရက်က ငွေမတည်ပြီး ထောင်ပေးလိုက်တယ်။ အသေးစိပ် ကတော့ အတော် ရှုပ်ထွေးပါတယ်။ ဒါပေမယ့် လွယ်လွယ်ပြောရရင် မှန်မှန်ကန်ကန်လုပ်ပြီး ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းတွေကို ထားခဲ့တယ်။ မနိုင်မနင်း ပြဿနာတက်နေတဲ့ အဖွဲ့အစည်းတွေကို ရွေးပြီး ဘဏ်ကြီးတွေကို
ရောင်းပစ်လိုက်တယ်။ အစိုးရက အစိုးရ အာဏာနဲ့ မကောင်းသူပယ်၊ ကောင်းသူကယ် လုပ်ပစ်လိုက်တာပဲ။ အဲရီဇိုးနားပြည်နယ်က နာမည်ကျော် ကီးတင် (Keating) ဆိုရင် ထောင်ကျသွားတယ်။ ဒီကဏ္ဍမှာရှိနေတဲ့ သူတွေ ကတော့ (ငရဲ) ပေါ့။ အလုပ်ပြုတ်သူပြုတ်၊ ဘဝပျက်သူပျက်ကြပေါ့။ ဒါပေမယ့် ပြဿနာက ဒီလို မလုပ်ရင်လည်း တခြားစီးပွားရေး ကဏ္ဍတွေကို ကူးစက်တော့မှာကိုး။ ပြီးတော့ (RTC) ကိုဖျက်ပြီး တခြား အစိုးရဌာနက ဆက်တာဝန် ယူသွားရတယ်။ ဒါကြောင့် ကလင်တန်တက်ကာစမှာ  စီးပွားရေးပြန် ဦးမော့လာတာ။
အဆောက်အဦး ကဏ္ဍ (Real Estate) မှာလည်း Bust ဖြစ်တော့ ဈေးတွေကျ။ ဆောက်လုပ်သူတွေ ဒုက္ခရောက်၊ ဘဏ်တွေ အကျပ်အတည်း ဖြစ်ကြပေါ့၊ ထုံးစံအတိုင်း ဗဟိုဘဏ်က အတိုးလျော့၊ အစိုးရက အခွန်လျော့ပြီး ဈေးကွက် မှာ ငွေလည်ပတ်မှု Liquidity ရှိအောင် အစိုးရက ဝင်ထိန်းပေးပြီး ဈေးကွက်ကပဲ အပိုအလျှံတွေကို ရှင်းထုတ်ပြီး တခါရွက်သစ်တွေပေါက်၊ ရွက်ဟောင်းတွေကြွေပေါ့။ ဒီဒုက္ခ ပင်လယ်ထဲမှာ နဖူးကွဲသူကွဲ၊ ထိပ်ပေါက်သူပေါက်ပေါ့။
မရက်စက်ရင် ဘာဖြစ်မှာလဲ
အမေရိကားမှာ အဆောက်အဦး တိုးပွားမှု Real Estate Boom ဖြစ်တဲ့အချိန် ၁၉၈ဝ ခုနှစ်တွေမှာ ဂျပန်မှာလည်း အဆောက်အဦတိုးပွားမှု Real Estate Boom ဖြစ်တယ်။ ဂျပန်စနစ်က အပြင်လူ မဝင်ရအောင် အချင်းချင်းရဲ့စတော့ (Stocks) တွေကို ပိုင်ဆိုင်ထားကြတယ်။ Cross Ownership လို့ ခေါ်ပါတယ်။ အာရှသားတွေရဲ့ အကျင့်အရ  အားနာတာ ၊ မျက်နှာနာတာ ပါတယ်။ ဂျပန်စနစ်က ဘဏ်ကိုမှီပြီး အုပ်စုလိုက် တည်ဆောက်ကြတယ်။

ပြည်သူတွေတောင်းဆိုနေသော ဒီမိုကရေစီ စနစ်ဆိုတာ..


ယနေ့ကမ္ဘာကြီးတွင် လွန်ခဲ့သောရာစုနှစ်များစွာက ကျင့်သုံးခဲ့သော ပဒေသရာဇ် စနစ်များ မှေးမှိန် ပျောက်ကွယ် ပြီးနောက် ပြည်သူအများစုက အုပ်ချုပ်သည့် ဒီမိုရေစီ စနစ်ကျင့်သုံးသောနိုင်ငံများအဖြစ်တဖြည်းဖြည်းပြောင်းလဲ ကျင့်သုံးမှုများတိုးတက်များပြား လာခြင်းနှင့်အတူ ယင်းဒီမိုရေစီစနစ်(သို့မဟုတ်) ဒီမိုကရေစီ ဝေါဟာရ စကားလုံး သည် ပြည်သူလူထုအကြားအသုံးများသောစကား လုံးများအဖြစ် လူသိများထင်ပေါ်လာခဲ့သည်။
ကမ္ဘာကြီးတွင် ရာစုနှစ်ပေါင်းများစွာ ပဒေသရာဇ်စနစ်များ လွှမ်းခြုံကြီးစိုးခဲ့ပြီးနောက် ဒီမိုကရေစီစနစ်၊ ကွန်မြူနစ် စနစ်၊ ဆိုရှယ်လစ်စနစ် စသည့်ဝါဒစနစ်များ လူသိများထင်ရှားလာပြီး ယနေ့ခေတ်တွင် ဒီမိုကရေစီစနစ် သည် အကျယ်ပြန့်ဆုံးသော စနစ်ဖြစ်လာကာ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်နေသောနိုင်ငံများ၊ ခြေလှမ်းပြင်ဆင် နေ သောနိုင်ငံများသည်ပင်ရှိလာပြီဖြစ်ရာ မြန်မာနိုင်ငံသည်ပင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆီသို့ ဦးတည် လျှောက်လှမ်းနေသောနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေ ပေသည်။
မြန်မာနိုင်ငံသည်လည်း ရှေးယခင်ရာစုနှစ်များက သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်များ ဖြန့်ကြက်ကြီးစိုးခဲ့ပြီးနောက် ၁၈၈၅ခုနှစ် တွင်အင်္ဂလိပ်လက်အောက်သို့ကျရောက်ခဲ့ပြီး ကိုလိုနီစနစ်အောက်ရောက်ရှိခဲ့ရသည်။ ၁၉၄၈ အင်္ဂလိပ် ခေတ် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သော်လည်း ပီပြင်သော၊ ခိုင်မာသော ဒီမိုကရေစီနိုင်ငံအဖြစ် ပီပြင် စွာဖော်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲမှေးမှိန်ပျောက်ကွယ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီဆိုသောဝေါဟာရကို ပြည်သူများပိုမို သိရှိလာပြီးနောက် ယနေ့နိုင်ငံတော် အစိုးရ လက်ထက်တွင် အများပြည်သူက လက်ခံကျင့်သုံးသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သို့ ပြောင်းလဲရန် ခြေဦးပြင်ဆင်နေပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ဒီမိုကရေစီစနစ်(သို့မဟုတ်) ဒီမိုကရေစီဝါဒကို ပြည်သူများအနေဖြင့် ပိုမိုသိရှိရန် လိုအပ်လာပေပြီဖြစ်သည်။
ဒီမိုကရေစီစနစ်သည် ဂရိနိုင်ငံမှစတင် မွေးဖွားပေါ်ပေါက်လာပြီး ဂရိလို Demo Kratia ဟု ခေါ်ဆိုပြီး Demo သည် (People) ပြည်သူ Kratos သည် (Rule or Power) စည်းမျဉ်းဥပဒေ (သို့မဟုတ်) အုပ်ချုပ်ရေးအာဏာဟု အဓိပ္ပာယ် သတ်မှတ်နိုင်ပြီး ပြည်သူက အုပ်ချုပ်ခြင်း၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့အစိုးရဟုခေါ်ဆိုနိုင်သည်။ မည်သည့်ကိစ္စမဆို အများနှင့်သက်ဆိုင်သောကိစ္စဖြစ် သည်ကိုလည်းကောင်း၊ယင်းကိစ္စမျိုးကို မည်သို့ဆောင်ရွက် ထိုက်သည်ကိုလည်းကောင်း အဆုံးအဖြတ်ပြုနိုင်သောလုပ်ပိုင်ခွင့်သည် ပြည်သူအားလုံး၌ တည်ရှိနေသဖြင့် ပြည်သူလူထုကသာလျှင် ပြည်သူလူထုကို အစိုးရသောအုပ်ချုပ်ရေးစနစ်ပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် ရှေးဂရိနိုင်ငံရေးနှင့် အတွေးအခေါ်ပညာရပ်မှ စတင်ပေါက်ဖွားလာခဲ့ခြင်းပင်ဖြစ်သည်။ “Democracy is the Gover-nment of the people, by the people and for the people” ဒီမိုကရေစီသည် ပြည်သူက အုပ်ချုပ်ခြင်းဖြစ်ပြီး ပြည်သူက ပြည်သူကို အုပ်ချုပ်ခြင်းဟု အေပရာဟင်လင်ကွန်းကဆိုခဲ့တာ။

7/06/2012

ပူးတွဲထုတ်ပြန်ချက်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တို့မှ ပေါင်းစု၍ ဇူလိုင်၇ ရက်နေ့ နှစ်(၅၀)ပြည့်အတွက် ကြေညာချက်ထုတ်ပြန် 7July_joint_statement_2012


LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။