Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/08/2011

သျှမ်းတောင်ပိုင်းတပ်မတော် အစိုးရနှင့် တွေ့ဆုံမည်ကို မြောက်ပိုင်းတပ်မတော်က အကောင်းမြင်

အောက်တိုဘာလ ၈ရက်။ စောခါးစူး (ကေအိုင်စီ)
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံသည့် သျှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S)ကို သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်တပ်မတော်(SSPP/SSA)က အကောင်းမြင်သည်ဟု ယနေ့ ပြောကြားလိုက်သည်။
SSA-S သည် ယမန်နေ့က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြောကြားပြီးနောက် သျှမ်းမြောက်ပိုင်းဘက် က အကောင်းမြင်ကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှက ပြောသည်။
၎င်းက “သူတို့(SSA-S နှင့် အစိုးရ) တွေ့ဆုံဆွေးနွေးမယ့်ကိစ္စ ကောင်းပါတယ်။ သဘောတူညီရခဲ့ရင်လည်း ကျနော်တို့အတွက် ဘာမှ ထိခိုက်မှု မရှိနိုင်ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ မြန်မာအစိုးရက SSPP/SSA-N ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလာပါက လက်ခံမည်ဖြစ်သော်လည်း ညီ ညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council-UNFC) မူအတိုင်း ပဏာမ အနေဖြင့် တွေ့ဆုံဆွေးနွေးမည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ပြီးခဲ့သည့်လအတွင်း အစိုးရသည် သျှမ်းပြည်တောင်ပိုင်း နမ့်ဆန်မြို့နယ်တွင် အခြေစိုက်သည် ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ဟို မိန်းမြို့နယ်ခွဲရှိ ဌာနပြည်သူ့စစ်မှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် SSA-S ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက် တိုင်းရင်းလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO၊ ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်-UWSA၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်-NDAAနှင့် မွန်ပြည်သစ်ပါတီ-NMSP တို့ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
တွေ့ဆုံပွဲများတွင် UWSA နှင့် NDAA တို့ သဘောတူညီများ ရရှိခဲ့ပြီး UNFC အဖွဲ့ဝင်များဖြစ်သည့် KIO၊ NMSP တို့နှင့်မူ သဘောတူညီမှုများ တစုံတရာ မရရှိခဲ့ပေ။
မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းမှုများ ပြုလုပ်နေသော်လည်း ကချင်၊ သျှမ်းနှင့် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားဒေသများရှိ လက်နက်ကိုင်အဖွဲ့များအပေါ် ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်သည်။
“အခု အစိုးရနဲ့ SSA-S တွေ့ဆုံမယ့်ကိစ္စက ပဏာမပဲဆိုတော့ ရှမ်းဘက်က အပစ်ခတ်ရပ်စဲရေးနဲ့ စစ်တပ်တွေ ရုပ်ပေးဖို့အဆင့် ပဲ ရှိမယ်။ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်တော့ ရောက်မှာ မဟုတ်သေးဘူး။”ဟု ဗိုလ်မှူးစိုင်းလှက သုံးသပ်ပြောဆိုခဲ့သည်။
SSPP/SSA သည် စစ်အစိုးရ ရေးဆွဲသည့် ၂၀၀၈ ပုံဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မ ခံသည့်အတွက် အစိုးရနှင့် ပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆန့်ကျင်ကာ ပြီးခဲ့သည့်မတ်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်း SSA-S နှင့် မဟာမိတ်အဖြစ် ပူးပေါင်းခဲ့သည်။

ဆက်စပ်သတင်း

အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု UNFC သံသယရှိ



“ကျွန်တော် အဖမ်းမခံရပါ၊ လေယာဉ်နဲ့ ရန်ကုန်မပြန်ပါ” (ဧရာဝတီသတင်းဌာန ၏ သတင်း မှားယွင်းကြောင်း RFA သတင်းထောက် ဦးစိန်ကျော်လှိုင်၏ ထုတ် ပြန်ချက်)

Saturday, October 8, 2011 SKH Statement Media 5a

ကိုမိုးသီးဇွန်နဲ့ စကားပြောခြင်း “တံတား ရွေ့တာမဟုတ်၊ နင့်စိတ်က ရွေ့တာ ...”


“တံတား ရွေ့တာမဟုတ်၊ နင့်စိတ်က ရွေ့တာ ...”
(နေ့သစ်မီဒီယာမှ ...)

နေ့သစ် ။     ။ ကိုမိုးသီးခင်ဗျား ... အခုတလော ဦးသိန်းစိန် ဘောင်ဘီချွတ်အစိုးရဟာ အရင်နဲ့မတူ၊ တမူထူး တယ်။ ပြောင်းလာပြီလို့ ပြောနေကြတယ်။ တနေ့က အလဲဗင်းဂျာနယ်မှာ ဒီဘက်က ဧရာဝတီသတင်းဌာနက ကိုအောင်ဇော်နဲ့ အင်တာဗျူးတွေကို ဖေါ်ပြထားတယ် ... စသဖြင့် စသဖြင့် ပြောနေကြ သုံးသပ်နေကြတာ ရှိ တယ်။ နောက်ဗွီအိုအေသတင်းထောက်တဦး၊ ဘီဘီစီသတင်းထောက်တဦးကိုလည်း ၀င်ခွင့်ပေး၊ အင်တာဗျူး တွေ ပေးနေတာတွေရှိတော့ ဒါဟာပြောင်းလဲမှုရဲ့အစလို့ ပြောလို့ရမလား။ ခင်ဗျား ဘယ်လိုမြင်သလဲ။

မိုးသီးဇွန် ။     ။ ငယ်ငယ်က တံတားပေါ်ကနေ ရေကန်ထဲကို ကြည့်လိုက်သလိုပေါ့။ ရေလှိုင်းလှုပ်ပြီး ကိုယ့် အရိပ်က ရွေ့သွားတော့ ဟော ... တံတားကြီး သွားနေတယ်လို့ အော်ကြတယ်။ ပျော်ကြတယ်။ တကယ်က တံတားက ရွေ့သွားတာမှ မဟုတ်တာ။ ပြောင်းလဲသွားတာမှ မဟုတ်တာ။ ကိုယ်က Optical Delusion အမြင် မှားသွားတာ။ တံတားရွေ့တာမဟုတ်၊ ကိုယ့်အရိပ်က ရွေ့သွားတာ။

စစ်အုပ်စုက မပြောင်းလဲပါဘူး။ ကိုယ်က ပြောင်းလဲနေတာ။ ကိုယ့်သမာဓိတွေ၊ သီလတွေ ချို့ယွင်းနေတာ။ ညောင်သီးလည်း စား၊ လေးသမားလည်း ကြည့်လို့ သတိပေးချင်တယ်။ တခါတလေတော့လည်း နင် အ လို့ နင်ခံရတာလို့ ပြောချင်ပေမယ့် အော် ... အသက်တချောင်း ကယ်ကောင်းပါတယ်လို့ သူတော်ကောင်းတရား ကပဲ ကိုယ့်မှာဝင်လာတော့လည်း ..။ သတိသမ္ပဇဉ် ဆင်ခြင်နိုင်ဖို့ ပြောချင်တာကတော့ စစ်အုပ်စုဟာ ဘောင်း ဘီချွတ်လိုက်၊ ပုဆိုးဝတ်လိုက် လုပ်တာ နှစ်ခါရှိပြီ။ ၇၄ အခြေခံဥပဒေ ရေးပြီးမှာ တခါ၊ ၂၀၀၈ အခြေခံဥပဒေ ရေးပြီးမှာ တခါ (၂၀၁၀ မှာ တခါ)။ ၁၉၆၂ စစ်တပ်ကနေ အာဏာသိမ်းကတည်းက ကနေ့အထိ မပြောင်းလဲ သေးဘူး။ သူတို့ဘက်ကတော့ လုံးဝမပြောင်းလဲသေးဘူး။ ဦးနေ၀င်းတုန်းက ဒီ့ထက်တောင် အိုင်တင်ကောင်း သေးတယ်။

၃၃ ဦး အကြံပေးကော်မတီကိုတောင် ဖွဲ့ပေးလိုက်သေးတယ်။ ခုလို ခွေးလှေးကြမ်းပိုး၊ အုတ်ကြားမြက်ပေါက် တွေနဲ့ ဖွဲ့ထားတာမဟုတ်ဘူး။ ၀န်ကြီးချုပ်ဟောင်း ဦးနုတို့လို ဒိတ်တွေနဲ့ ဖွဲ့ထားပေးတာ။
ဘာတွေပြောင်းလဲ။ ပြောကြည့် ...။
လွတ်လပ်မှု မရှိသေးဘူး။ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ထားတာ မပြောင်သေးဘူး။ နိုင်ငံတော်အာဏာ ခွဲဝေ ပုံကို မပြောင်းလဲသေးဘူး။ သူတို့ဖာသာသူတို့ တဖက်သတ်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေကိုရော ၂၀၀၈ အခြေခံဥပဒေကိုရော သူတို့ မကျင့်သုံးပုံတွေ မပြောင်းလဲသေးဘူး။ ခြစားမှုတွေ၊ လူအခွင့်အရေးချိုးဖောက်မှု တွေ မပြောင်းလဲသေးဘူး။ ပြည်တွင်းငြိမ်းချမ်းရေပေါ်လစီ မပြောင်းလဲသေးဘူး။ နိုင်ငံရေးအကျဉ်းသားတွေ မ လွတ်သေးဘူး။ နိုင်ငံခြားရေးမှာ တရုတ်ကိုယိမ်း ပေါ်လစီက မပြောင်းသေးဘူး။

နောက်တခု ပဋိပက္ခကြီးမှာ သူ့ကိုလည်း ကိုယ်ကကြည့်တာပဲ။ သူကလည်း ကိုယ့်ဘက်ကို ကြည့်တာပဲ။ ဘယ် ကောင်ကို စားလို့ရမလဲလို့ လုပ်ကြရတယ်။ စားလို့ အလားအလာရှိနိုင်တဲ့ ကောင်တွေကို တွက်ရသကွဲ့၊ ချက် ရသကွဲ့။ ဒို့ဘက်ကလည်း သူတို့ထဲက ဘယ်ကောင်တွေကို ခွေလို့ရနိုင်မလဲ၊ စားလို့ရနိုင်မလဲ။ ကိုယ်လိုချင်တဲ့ ပုံကို ဖော်ပေးရသကွဲ့။ ဒါဟာ ပဋိပက္ခမှာ ပရိယာယ်ဝေဝုစ်တွေကိုး။ ဘုရင်နောင်ကျော်ထင်နော်ရထာက အယု ဒ္ဒယဘုရင် ချာကရာဖတ်ကို မလုပ်ကြံခင်မှာ ပစ္စနုလုပ်မြို့စား သမာရာချာကို ဆွဲစေ့ထားရသလိုပေါ့။ အပြန်အ လှန်အားဖြင့် သူတို့လည်း ကိုယ့်ဘက်ကို ကြည့်မပေါ့။ ကိုယ်ဘက်က သာခွေယိုင်နေတဲ့သူတွေ၊ သီလ၊ သမာ ဓိ ချွတ်ချော်နေတဲ့သူတွေကို သူတို့လည်း ကြားမပေါ့။ မြင်မပေါ့။ ဒီတော့ စားဖို့ ကြံသပေါ့။ သတိပြုပါလေ။

သူတို့ဘက်က မပြောင်းလဲဘူး။ အဲ ... သိသိသာသာ ပြောင်းလဲလာတာတော့ ကိုယ်လူတွေပဲ။ ငါသွားနိုင်တာ၊ ငါစကားကို ဖော်တာကို ပြောင်းလဲမှုသင်္ကေတ (Signal of Change) လို့ မဟစ်ကြွေးကောင်းဘူးကွဲ့။ ဒကာ ကြီးကျော်သန်း ပြောတဲ့ ပဉ္စနရစ်ပုံပြင်က မွှားလို ဖြစ်တတ်တယ်။

ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု

Wednesday, 05 October 2011 

ကျင်းပနေဆဲ  ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၂၅ ရက်မြောက်နေ့ (စက်တင်ဘာ ၂၆ ရက်နေ့) အစီအစဉ် တွင် ပြည်ထောင်စု အစိုးရကိုယ်စား ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့်  ငြိမ်းချမ်းစွာစီတန်း လှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ (အောက်တိုဘာလ ၃ ရက် နေ့)တွင် အတည်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး ဖြစ်သော ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်နိုင်ရန်နှင့် ယင်းကဲ့သို့ သုံးစွဲဆောင်ရွက်မှုကို သုံးစွဲဆောင်ရွက်နေသူ များကိုလည်း ဥပဒေကြောင်းအရ အကာအကွယ် ပေးနိုင်ရန်ရည်ရွယ် . . .
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်ရန်၊ ဖျက်သိမ်းရန်၊ ဖြည့်စွက်ရန် အဆိုများကို ပြည်သူ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီနှင့် ရှမ်းပြည်နယ် ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်း မောင်တင်၊ ရှမ်းပြည်နယ် မိုင်းပန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦး၊ ပဲခူးတိုင်းဒေသကြီး ပြည်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်နှင့် ရှမ်းပြည်နယ် ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းဆွေတို့က လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု အစိုးရကိုယ်စား ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ ပယ်ဖျက်ချက်များဖြင့် အတည်ပြုလိုက်သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းတွင် အခန်း(၈)ခန်းပါရှိကြောင်း သိရသည်။
ယင်းဥပဒေမူကြမ်းကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်နိုင်ရန်နှင့် ယင်းကဲ့သို့ သုံးစွဲဆောင်ရွက်မှုကို သုံးစွဲ ဆောင်ရွက်နေသူများကိုလည်း ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ရေးဆွဲထားကြောင်း ပြည်ထောင်စုဝန်ကြီးက အဆိုပါဥပဒေကြမ်း တင်သွင်းရခြင်း၏ ရည်ရွယ်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများက နိုင်ငံရေးခေါင်းဆောင်များကို ကန်တော့ပွဲကျင်းပမည်

 7 အောက်တိုဘာလ 2011, 

နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​တွေက လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​နဲ့​ ပါတီဗဟိုအလုပ်အမှု​ဆောင် ​ကော်မတီဝင် ဦး​ဝင်း​တင်တို့​ကို လာမယ့်​သီတင်း​ကျွတ်လပြည့်​နေ့​ အဘိဓမ္မာအခါ​တော် ​နေ့​မှာ ဂါရဝပြု ကန်​တော့​ကြမယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာ ကန်​တော့​ဖို့​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ သ​ဘောတူညီချက်ကိုလည်း​ ရရှိထား​ပြီဖြစ်ပြီး​ ​နေရာကို​တော့​ မကြာခင် သတ်မှတ် မယ်လို့​လည်း​ ​ပြောပါတယ်။
“အဓိက ရည်ရွယ်တာက​တော့​ ကျ​နော်တို့​က အန်တီ ​ဒေါ်​အောင်ဆန်း​စုကြည် အခု လက်ရှိ​လျှောက်လှမ်း​နေတဲ့​ နိုင်ငံ​ရေး​လမ်း​ကြောင်း​အ​ပေါ်မှာ ကျ​နော်တို့​က ​ထောက်ခံတဲ့​အား​တခုကိုလည်း​ ကျ​နော်တို့​ ပြသချင်တယ်။ ​နောက်ပြီး​တော့​ ကျ​နော်တို့​ သီတင်း​ကျွတ်လပြည့်​ဆိုတာ ကျ​နော်တို့​ လူကြီး​သူမ​တွေကို အစဉ်အလာအရ ကန်​တော့​တာ ရှိတယ်​လေ။”
ကန်​တော့​မယ့် ​သူ​တွေက နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​လို့​ နာမည်ခံယူရ တဲ့​ ရည်ရွယ်ချက်ကိုလည်း​ ကိုတိုး​ကျော်လှိုင်က ရှင်း​ပြပါတယ်။
“နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွတ်​မြောက်ဖို့​ လိုအပ်​နေတယ် အဲဒါကို အ​ဆော တလျင်​ဆောင်ရွက်ရမယ် ဆိုတဲ့​ဟာကို remind လုပ် (သတိ​ပေး​) တဲ့​သ​ဘော​ပေါ့​။ ဒါ​ကြောင့်​ ဒီစကား​ရပ်ကို ကျ​နော်တို့​ တမင်​ရွေး​ချယ်ပြီး​ သုံး​တယ်။ နိုင်ငံ​ရေး​အကျဉ်း​ သား​ဟောင်း​များ​က ကန်​တော့​မှာဖြစ်တဲ့​အတွက်​ကြောင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ ဖြစ်ခဲ့​ဖူး​သူ မှန်သမျှ လွတ်လပ်စွာပါဝင်ပြီး​တော့​ တက်​ရောက်လို့​လည်း​ ရသွား​မယ်။” 

ငြိမ်းချမ်းရေးနိုဘယ်ဆု အမျိုးသမီး(၃)ဦး ပူးတွဲရရှိ


သောကြာနေ့ 7 အောက်တိုဘာ 2011
                ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပူးတွဲရရှိသူများ Tawakkul Karman (၀ဲ)၊ 
                         Leymah Gbowee (လယ်)၊ Ellen Johnson Sirleaf (ယာ)

ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး အခွင့်အရေးတွေအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားနေကြတဲ့ လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf၊ လိုင်ဘေးရီးယားနိုင်ငံက ငြိမ်းချမ်းရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့ Leymah Gbowee နဲ့ ယီမင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Tawakkul Karman တို့ ၃ ဦးကို ပူးတွဲ ပေးအပ်လိုက်ပါတယ်။
ဒီအမျိုးသမီး ၃ ဦးဟာ အမျိုးသမီးတွေ အားလုံးရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ အမျိုးသမီးတွေ အပြည့်အ၀ ပါဝင်လုပ်ဆောင်ခွင့် ရရေးတို့အတွက် အကြမ်းမဖက်ဘဲ လှုပ်ရှားခဲ့ကြတဲ့အပေါ် အခုလို ကမ္ဘာမှာ အမြင့်ဆုံးဆုကြီးကို ပေးလိုက်တာဖြစ်တယ်လို့ နော်ဝေနိုင်ငံ နိုဘဲလ်ဆု ကော်မတီက ဒီကနေ့ အော်စလိုမြို့တော်မှာ ကြေညာလိုက်ပါတယ်။
ဒီကော်မတီကပဲ အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရသ၍ ကမ္ဘာပေါ်မှာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဆိုပါတယ်။
အခုလို ဆုရရှိသူတစ်ဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ကလေး ၃ ဦးမိခင် Tawakkul Karman ဟာ နိုဘဲလ်ဆု ပထမဆုံးရတဲ့ အာရပ်အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူဟာ ယီမင်နိုင်ငံက ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အဓိက ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို ဆုရရှိခဲ့တဲ့အပေါ် ယီမင် တော်လှန်ရေး လူငယ်တွေအတွက် ဒီဆုကို ရတာပါလို့ သူက ၀မ်းသာအားရ ပြောခဲ့ပါတယ်။

ဒုတိကသမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံသိုသွားရောက်မည်

 7 အောက်တိုဘာ 2011

မကြာခင်ရက်ပိုင်းတွင်း တရုတ် နိုင်ငံကို မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့
အဖွဲ့သွားပြီး မြစ်ဆုံဆည် စီမံကိန်း ပိတ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်။ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို သွားတက်ရောက်မှာ ဖြစ်ပေမဲ့ အဓိကဆွေးနွေးမယ့် ကိစ္စကတော့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်နေပါတယ်။ ဒီသတင်းအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အတူ လျှပ်စစ်နဲ့ စွမ်းအင်ရေးရာဝန်ကြီး ဦးဇော်မင်း အပါအ၀င် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ တရုတ်နိုင်ငံကို သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ဖို့ သွားမှာဖြစ်ပေမဲ့ တရုတ်နဲ့အကျိုးတူ လုပ်ဆောင်ထားတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်လိုက်တဲ့ကိစ္စကို အဓိကပြောဆိုဖို့ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ဒီကိစ္စကို သူတို့နဲ့ဆွေးနွေးဖို့ကိုလည်း တရုတ် နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ မြန်မာ အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံကို သွားဖို့ ခရီးစဉ်ရှိလာတော့မှာ ဖြစ်တယ်လို့ အများက တွက်နေကြတာပါ။ သမ္မတ အကြံပေးအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့  ဦးနေဇင်လတ်ကတော့ အခု ဒုတိယသမ္မတနဲ့အဖွဲ့ မကြာခင် တရုတ်နိုင်ငံကိုသွားမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ အတိအကျမသိပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရချင်း ဆက်ပြီး ညှိနှိုင်းစရာတွေ ရှိမှာတော့ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါကတော့ ကွန်ထရက်တခု ပျက်ပြယ်တယ် ဆိုလို့ရှိရင် ညှိနှိုင်းရတဲ့ သဘာဝတွေ ရှိပါတယ်။ နောက်ဆက်တွဲမှာတော့ ကျနော် ထင်ပါတယ်။ သင့်လျော်တဲ့ အဆင့်တခုကနေပြီး တရုတ်ကုမ္ပဏီတွေနဲ့ အစိုးရပိုင်းတွေ နားလည်အောင် ပြောပြပြီးတော့မှ ညှိနှိုင်းပြီးတော့ ပြီးဆုံးသွားတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကျနော် ယူဆပါတယ်။”
နှစ်ပေါင်း အတော်ကြာကတည်းက မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ နှစ်နိုင်ငံကြား ရှိထားတာဖြစ်ပြီး မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမယ် ဆိုတဲ့အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်စရာ ဖြစ်လာနိုင်တယ် လို့လည်း ခန့်မှန်ပြောဆိုနေကြတာပါ။ ဦးနေဇင်လတ်ကတော့ တရုတ်နဲ့ မြန်မာဟာ နှစ်နိုင်ငံ ပူးပေါင်းပြီး အကျိုးတူ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အများကြီးထဲက တခုသာ ရပ်လိုက်တာမို့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စရာ မမြင်ဘူးလို့ ဆိုပါတယ်။
“ဘာကြောင့်လဲလို့ ပြောလို့ရှိရင် တရုတ်နဲ့ မြန်မာနဲ့ ဆက်ဆံရေးမှာ အထူးသဖြင့် စီးပွားရေး ဆက်ဆံမှု ကိစ္စရပ်တွေက တော်တော်လေး ကြီးကြီးမားမား ရှိတယ်လေ။ အဲဒီအထဲက ဒါက တစ်ခုသာဖြစ်တယ်။ ဆိုတော့ ဖြစ်ခါစမှာတော့ နည်နည်းလေးတော့ ပူပူနွေးနွေးလေး ဖြစ်တဲ့အတွက်ကြောင့်မိုလို့ တဘက်ကတော့ ကျေနပ်စရာတော့ အားနည်းရင် နည်းမှာပေါ့လေ။ သို့သော်လည်း ပထ၀ီနိုင်ငံရေးအရ ပြောရင်ကော၊ နိုင်ငံတကာ နိုင်ငံရေးအရ ပြောမယ်ဆိုလို့ရှိရင်လည်း အဲဒါတွေက ပိုပြီးတော့ ဦးစားပေးစရာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ နိုင်ငံအဆင့်ထိလောက်တော့ ကျနော်တို့အတွင်းမှာ မူ မမြင်ရပါဘူးခင်ဗျာ။”
မြစ်ဆုံစီမံကိန်းကို အဓိကလုပ်နေတဲ့ တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CPI ကတော့ ဒီလုပ်ငန်းရပ်လိုက်တာကနေ ဥပေဒကြောင်းအရ ရှင်းစရာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တကယ်တော့ နိုင်ငံတိုင်းဟာ မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင် စဉ်းစားကြတာ ဖြစ်တာမို့ အခုလည်း ပြည်သူလူထုအကျိုးအတွက် သမ္မတ ဦးသိန်းစိန်က စဉ်းစား ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သဘာဝပတ်ဝင်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA အဖွဲ့က ဦးအုန်းကပြောပါတယ်။
“ကျနော်တို့ကတော့ committed ဖြစ်တာထက်ကို ပေးတဲ့အတွက် တရားစွဲတာတို့ ဘာတို့ လုပ်နိုင်တာပေါ့။ ဒါက သူတို့အလုပ်ကိစ္စပေါ့။ ဒါကတော့ သူတို့ စာချုပ်စာတမ်းအရ မကိုက်ညီရင် တရားစွဲနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ မပါဘဲနဲ့ ဆုံးဖြတ်တယ်ဆိုပြီးတော့ ပြောတာက ဒါကတော့ ကျနော်တို့ကို သက်သက် စော်ကားတာ။ ကျနော်တို့နိုင်ငံ တနိုင်ငံလုံးက မလုပ်ပါနဲ့။ အစိုးရကလည်း သဘောတူတယ်။ အဲဒါ ဆုံးဖြတ်တာက ဘာမှမမှားဘူး။ ဒီကိစ္စထဲမှာ သူတို့ ၀င်ရှုပ်စရာ ဘာမှမလိုဘူး။ သူတို့ တရားစွဲချင်ရင် စွဲပေါ။ လျော်ကြေးတောင်းချင်ရင် တောင်းပေါ့။ ဒါတွေက သူတို့ လုပ်သင့်တယ်။”
မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ကိစ္စအတွက် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အဖွဲ့ တရုတ်ပြည် မသွားခင် ရှေ့ရက်ပိုင်းတွေအတွင်းမှာလည်း သမ္မတ ဦးသိန်းစိန်ဟာ အိန္ဒိယနိုင်ငံကို သွားဖို့ရှိပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးရာအပြင် စစ်ဘက်ဆက်ဆံရေး ကိစ္စတွေကိုပါ သူ့ခရီးစဉ်အတွင်း ဆွေးနွေးဖို့လည်းရှိပါတယ်။

ဆက်စပ်သတင်းများ
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မှု တရုတ် - မြန်မာဆက်ဆံရေး ထိခိုက်နိုင်

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။