Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

1/03/2012

ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းပြောရအုံးမယ်

သာမန်အားဖြင့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လစ်လပ်နေရာအချို့ကို ဖြည့်ဖို့လုပ်ရိုးလုပ်စဉ်လုပ်ရတဲ့ အဖြည့်ခံရွေးကောက်ပွဲမျိုး ဖြစ်ပါတယ်။
ဒါပေမယ့် ဟောဒီလို ထူးခြားချက်တွေလည်း ပါရှိနေပါတယ်။
ပထမတစ်ချက်က ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) တို့ လက်ခံ၊ပါဝင်လာပြီဆိုတာ ပြည်တွင်း/ပြည်ပကို ဆွဲဆောင်ပြသနိုင်မယ့် ပွဲတစ်ခုလည်းဖြစ်တယ်။
ဒုတိယတစ်ချက်က ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် ဆရာကြီးအိုဘာမားနဲ့ ဆရာမကြီးဒေါ်ကလင်တန်တို့က စစ်ဆေးပြီးအောင်မှတ်ပေးမယ့် အမေရိကန်အစိုးရနဲ့ ပုံမှန်ဆက်ဆံရေးအဆင့်ရရှိရေးအတွက် ဖြေဆိုရမယ့် “ရေးဖြေစာမေးပွဲ” တစ်ခုလည်း ဖြစ် ပြန်ပါတယ်။ ဒီထူးခြားချက်တွေက ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရ လိုချင်လွန်းလှတဲ့ အချက်တွေဖြစ်ပါတယ်။
“နှုတ်ဖြေစာမေးပွဲ” က ဆရာမကြီး ဒေါ်ကလင်တန်လာတုန်းဖြေပြီးသွားပြီ။ အခုတစ်ခါဖြေရမှာက “ရေးဖြေစာမေးပွဲ” ဖြစ်တယ်။  အဲဒီ နှုတ်ဖြေစာမေးပွဲ “မြောက်ကိုရီးယားဘာသာရပ်” မှာ သူရဦးရွှေမန်းက အမှတ်အများဆုံးရတယ်လို့ကြားရတယ်။
ပထမအချက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) တို့ လက်ခံ၊ ပါဝင်လာပြီဆိုတာက ရရှိပြီးသားလို့ပြောလို့ရတယ်။ ဒါပေမယ့် ဒုတိယအချက်ဖြစ်တဲ့ “ကြားဖြတ်ရွေးကောက်ပွဲ” ကျင်းပပြီးမှသာ ထူးခြားချက် ၂ ခုစလုံးဟာ ပိုပြီး ခိုင်လုံပြည့်စုံသွားမှာ ဖြစ်ပါတယ်။
ဒါမှလည်း “ပဏာမသဘောတူညီချက်” လက်မှတ်ရေးထိုးနေကြသူတွေကို ပြသဖို့အတွက် အကွက်အကွင်း ပိုကောင်းလာမှာလည်း ဖြစ်ပါတယ်။
ကြားဖြတ်ရေးကောက်ပွဲကို “အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်” လို့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း အာမခံချက်ပေးထားပြီး ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ပြည်သူ့လွှတ်တော်အမတ်ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ကိုက်ညီပါသလား” လို့ မေးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “လောလောဆယ် မိမိလေ့လာနိုင်သလောက် ကိုက်ညီတယ်လို့ တွေ့ရှိရပါတယ်” အဖြေပေးခဲ့ပြီ။
ဒီတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအနေနဲ စာမေးပွဲသေချာပေါက်အောင်မှာပါ။ ဂုဏ်ထူးတွေတောင် ချိတ်နိုင်ပါလိမ့်မယ်။ ဂုဏ်ထူးဆိုတာ “တရားမျှတဲ့၊ လွတ်လပ်တဲ့၊ ပွင့်လင်းမြင်သာတဲ့” ဆိုတဲ့ ဂုဏ်ထူးတွေပေါ့။
ကြားဖြတ်ရွေးကောက်ပွဲရဲ့လက်တွေ့ပိုင်းကို ကြည့်ကြပါစို့။
လစ်လပ်နေရာ (၄၈) နေရာရှိတယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပြီးပြီ။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၄၀) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၆)နေရာ နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂) နေရာတို့ဖြစ်တယ်။
ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ လစ်လပ်မှုမရှိဘူး။
ဒီတော့ နိုင်ငံရေးပါတီ “တည်ထောင်ခွင့်”၊ “မှတ်ပုံတင်ခွင့်” လျှောက်ထားနေကြတဲ့ ပါတီ (၁၀) ပါတီအနက် (ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့မယ်ဆိုရင် ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီ တို့ကဲ့သို့) “ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည့် ပါတီ” များအနေနဲ့ “အနည်းဆုံး ၃ နေရာ” ဝင်ရောက်ယှဉ်ပြိုင်စရာလိုမှာ မဟုတ်ပါဘူး။
“နိုင်ငံရေးပါတီမှတ်ပုံတင်လျှောက်ထားဆဲ (NLD)” ကတော့ (၄၈) နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့ (NDF) ကလည်း နေရာ (၂၀) ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောသံကြားရပါတယ်။
(တစည) ပါတီက ဦးဟန်ရွှေက “NLD ကို ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ခရီးလမ်းအတွက် ခရီးသွားဖော်၊ ပြိုင်ဘက် ပါတီလို့မြင်ပါတယ်” လို့ပြောဆိုထားပြီး၊ နေရာ (၂၀) ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီသစ်ပါတီကလည်း ရန်ကုန်တိုင်းဒေသကြီးထဲက လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၆) နေရာ အနက် (၃) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောထားတယ်။ ဦးသိန်းညွန့်ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်  နေရာ ဖယ်ပေးမှာဖြစ်ပေမယ့်၊ အခြားသူဆိုရင်တော့ နေရာဖယ်ပေးမှာ မဟုတ်ဘူး။ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ကြံ့ဖွံ့ပါတီ (USDP) ကလည်း လစ်လပ်သွားတဲ့နေရာတွေကို ဒီတိုင်းလက်လွှတ်ထားမှာ မဟုတ်ပါဘူး။ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့နေရာအများစုက ကြံ့ဖွံ့ပါတီ (USDP) က အနိုင်ရရှိခဲ့တဲ့နေရာတွေလည်း ဖြစ်နေပါတယ်။ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ အစရှိတဲ့မြို့နယ်တွေမှာ ဘယ်ပါတီတွေက ဝင်ပြီးယှဉ်ပြိုင်အရွေးခံဝံ့မှာလဲ။ ဒါ့အပြင် ကြံ့ဖွံ့ပါတီ (USDP) ကနေ ပြည်ထောင်စုဝန်ကြီးဖြစ်လာသူတွေက အပိုင်စားနယ်လိုလုပ်ထားတဲ့ သူ့ရပ်ရွာဇာတိတွေမှာ (ပုလဲ၊ မင်းကင်း၊ တောင်ငူ၊ မိထ္ထီလာ စတဲ့နေရာ) ရော ဘယ်သူတွေက ယှဉ်ပြိုင်ဝံ့ ပါ သလဲ။ သူတို့က တခြားပါတီတွေလို ငွေ ၅ သိန်းတင်ဖို့ ပူပန်တွေးတော စဉ်းစားနေစရာ၊ စပွန်ဆာရှာနေစရာမလိုတဲ့ ပါတီဖြစ်ပါတယ်။
သုံးနေရာ“စတိ” ဝင်ကြမယ့် “စပွန်ဆာပါတီ” တွေကလည်း ရှိသေးတယ်။
ဆိုလိုချင်တာက (၄၈) နေရာအတွက် (NLD) ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရလိမ့်မယ်။
ဒါ့အပြင် အရင် “နွေ”၊ အရင် “မေ” မဟုတ်တော့ဘူး။ ဒါကြောင့်  “၁၉၉၀ ရွေးကောက်ပွဲ” တုန်းကလို “ငုနဲ့ပိတောက် နွေမှာလှိုင်” ဖို့ ခက်ခဲလိမ့်မယ်ဆိုတာကို ပြောချင်တာပါ။ တစ်စုံတရာသော အရေအတွက်ကိုတော့ဖြင့် (NLD) က ရနိုင်ပါလိမ့်မယ်။
အဲဒီလို အရေအတွက်တစုံတရာနဲ့ (NLD) အနိုင်ရရှိတာကပဲ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် ဒေါ်ကလင်တန်စာမေးပွဲ အောင်မှတ် သို့မဟုတ် ဂုဏ်ထူးဖြစ်ပါလိမ့်မယ်။
(NLD) ရရှိလာမယ့်၊ တစုံတရာအရေအတွက်ဟာ လွှတ်တော်ထဲမှာဘာလုပ်နိုင်မလဲ။ လွှတ်တော်ထဲ အကျိတ်အနယ် ဆွေးနွေးပြီးသွားတဲ့အခါ နောက်ဆုံးပိတ် အဆုံးအဖြတ်ကို မဲခွဲတာနဲ့အပြီးသတ်ရစမြဲဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ သရေပွဲမရှိနိုင်ပါဘူး။ အနိုင်မဲကို လွှတ်တော်ဥက္ကဋ္ဌကြီးကပေးမှာပဲ။ လွှတ်တော်ဥက္ကဋ္ဌကြီးတွေဟာ ကြံ့ဖွံ့ပါတီ(USDP) ကဖြစ်တယ်။
အဲဒီအခါ များတဲ့အရေအတွက်က နည်းတဲ့အရေအတွက်ကို အနိုင်ယူသွားတာပဲ မဟုတ်ပါလား။
“ပါတီစွဲမရှိရဘူး”လို့ ဘယ်လိုပဲပြောနေပါစေ၊ နောက်ဆုံးတော့ ပါတီစွဲပြီးပေးတဲ့ မဲတွေနဲ့အနိုင်ယူသွားမှာပဲဖြစ်ပါတယ်။
(ပထမအကြိမ်၊ ဒုတိယအကြိမ်) လွှတ်တော်ပုံမှန်အစည်းအဝေးတွေ (၂) ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဦးစတီဗင်သာဗိတ်၊ ဦးဗညားအောင်မိုး၊ ဦးသိန်းညွန့်တို့လွှတ်တော်ထဲမှာ မေးခွန်းတွေမေးခဲ့၊ အဆိုတွေတင်ခဲ့၊ မဲတွေခွဲခဲ့ပြီးပါပြီ၊ ပေါ်ထွက်လာတဲ့ရလဒ်တွေလည်း အားလုံးသိရှိ ပြီးဖြစ်ပါတယ်။ ဒါဟာ ပူပူနွေးနွေးအနီးကပ်ဆုံးအတွေ့အကြုံတွေ ဖြစ်ပါတယ်။
ခပ်ဝေးဝေးအတွေ့အကြုံတွေပြောရမယ်ဆိုရင် ကိုသန်း (ကြည့်မြင်တိုင်) ရဲ့ “တစ်ခါက ရန်ကုန်မြူနီစပယ်ရွေးကောက်ပွဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြည့်စေချင်ပါတယ်။ ချင်းတွင်းဂျာနယ်၊ အမှတ် (၅၉၊ ဖေဖေါ်ဝါရီ၊ ၂၀၁၁၊ စာမျက်နှာ ၈၈ – ၉၇) မှာ ပါရှိပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်များက ဖဆပလခေတ်မြူနီစပယ်ခေတ် ရွေးကောက်ပွဲများအကြောင်းကို သတိပြုစရာ၊ သင်ခန်းစာယူစရာအဖြစ်ရေးပြထားတဲ့ အတွေ့အကြုံဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
တသီးပုဂ္ဂလ ဆရာကြီးဦးရွှေဖြူနဲ့ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို/ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘကြီး) တို့ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သော်လည်း မဲအများစုအနိုင်ရထားတဲ့ (ဖဆပလ) ကို မကျော်နိုင်ခဲ့ပုံကို ရေးပြထားပါတယ်။
“လက်တွေ့မှာတော့ အဆိုတစ်ခုဟာ လူထုကောင်းရာကောင်းကြောင်းဆောင်ရွက်ရန်တင်သွင်းသော်လည်း ထောက်ခံမည့် သူ မရှိ၊ ထောက်ခံမည့်သူမရှိ၍ မည်မျှလူထုကောင်းရာကောင်းကြောင်း အကျိုးပြုအဆိုဖြစ်စေကာမူဆွေးနွေးမည့် အနေအထားသို့ပင် မရောက်ခဲ့၊  (central street) ဗဟိုလမ်းကို “ဗိုလ်သူရလမ်း” ဟု အမည်ပြောင်းနိုင်ခဲ့သည်” ။
“လုပ်နိုင်တဲ့အခြားလုပ်ငန်းတစ်ခုရှိသေးသည်၊ (ဖဆပလ) ဘက်မှ မဲအများစုအားကိုးဖြင့်တင်သွင်းလာသည့် အဆိုသည် ပြည်သူလူထုအများစုကို အကျိုးပြုသည့် အဆိုမဟုတ်လျှင် သည်အဆိုကို ကျုပ်ကန့်ကွက်သည်။ “မှတ်တမ်းတင်ထားပါ” ဟုပြောရုံသာရှိသည်၊ ဒီထက်ပိုပြီးဘာမှမတတ်နိုင်” ဟု သူ၏ ခါးသီးစိတ်ပျက်ဖွယ်သမိုင်းအတွေ့အကြုံကို ပြန်ပြောင်းရေးပြထားပါတယ်။
ဒါဟာ ကျနော်တို့နိုင်ငံမှာ “ဒီမိုကရေစီကာလတခု” လို့ ပြောဆိုလေ့ရှိကြတဲ့ ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ အတွေ့အကြုံဖြစ်ပါတယ်။ (နဝတ-နအဖ) စစ်အစိုးရဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အောက်မှာကျင်းပမယ့် “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီခေတ်” ကြားဖြတ်ရွေးကောက်ပွဲတစ်ခုမှာ။ ကျနော်တို့အနေနဲ့ ဘာတွေကို၊ ဘယ်လောက်များမျှော်လင့်နိုင်မှာပါလဲ။
ဘာပဲဖြစ်ဖြစ်လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ ၂၀၁၂ ခုနှစ်ရဲ့  ပထမ ၆ လအတွင်းထဲမှာ ကျင်းပဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်။
(NLD) ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုင်းအတာတစ်ခုအထိ ရွေးချယ်ခံရပြီး “လွှတ်တော်” ထဲသို့ ရောက်ရှိ သွားပါလိမ့်မယ်။
ကြားဖြတ်ရွေးကောက်ပွဲဟာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် အောင်မှတ်တွေ၊ ဂုဏ်ထူးတွေရအောင်ဖြေဆိုမယ့် “ရေးဖြေ စာမေးပွဲ” သာဖြစ်ပါလိမ့်မယ်။

တူမောင်ညို

(၂၀၁၁ ဒီဇင်ဘာ ၂၇)

ဦး(ဗိုလ်) သိန်းစိန်ရဲ့ အံသြဖွယ်ကောင်းလှတဲ့ လွတ်ငြိမ်းချမ်းသာခွင့်

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဒီကနေ့ ညနေ ၄ နာရီမှာ ကြေညာသွားခဲ့ပါတယ်။
screenshot
၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို နိုင်ငံပိုင် MRTV 4 ရုပ်မြင်သံကြားမှ ဖတ်ပြနေစဉ်။
လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူတွေကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရတွေကို နှစ် ၃ဝ၊ နှစ် ၂ဝ ကနေ နှစ် ၃ဝ အထိ ကျခံနေရသူတွေကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူတွေကို ချမှတ်ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ အသီးသီး လျှော့ပေါ့လိုက်ပါတယ်။

ဒါကြောင့် သမ္မတဦးသိန်းစိန်ရဲ့ ဒီတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ လွတ်မြောက်လာစရာ လမ်းစမရှိဘူးလို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ဟင်္သာတက ကျောင်းဆရာ ဦးကြည်သန်းတော့ သူ့ဟာသူ လွတ်ရက် စေ့နေပြီဖြစ်လို့ လွတ်လာနိုင်ကြောင်း ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ မပါဘူး။ လျှော့ပေးတဲ့သဘောပဲ ပါတယ်။ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသား ထဲက ကျန်တဲ့ ၂၇ ယောက်မှာ တစ်ယောက် လွတ်မယ်။ အဲဒီ တစ်ယောက်ကလည်း နက်ဖြန် လွတ်ရက်စေ့တဲ့လူ။ အဲဒီလူက နက်ဖြန်မှ လွတ်မယ်။ ဟင်္သာတက ဆရာဦးကြည်သန်း။ သူက ၉ နှစ်ကျတာ၊ ၄ နှစ် နီးပါး နိုင်ထားတော့ ၅ နှစ်နိုင်တယ်။ တလောက တစ်နှစ် လျှော့ရက် ပေးထားတော့ ၄ နှစ် ကျန်တယ်။ လေးနှစ်က နက်ဖြန်ပြည့်မှာ။ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်တာ မဟုတ်ဘူး။ သူ့ဘာသာသူ မနက်ဖြန် လွတ်မယ့်ရက်စေ့လို့ လွတ်တာ”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဝင်းတင်ကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုပါတယ်။

“ရှစ်လေးလုံးလို ကျောင်းသားတွေ၊ နိုင်ငံရေးပါတီက လူတွေ၊ ဥပမာ ခွန်ထွန်းဦးတို့လို လူမျိုးတွေ၊ ကျနေတာတွေ အကုန်လုံးက နှစ်သုံးဆယ် အထက်က လူတွေ။ ဒီလူတွေ အကုန်လုံးက အခု ဘာပဲဖြစ်မလဲဆိုရင် နှစ်သုံးဆယ်ပဲ ကျမယ်။ ကိန်းဂဏန်းကို ကျွန်တော်က မပြောချင်ဘူး။ ကျွန်တော် ပြောချင်တာက ဒီလူတွေ နောက်တကြော့ ပြန်ပြီး လွတ်မြောက်ရေးဟာ ဘယ်လောက်များ စောင့်ရဦးမှာလဲ၊ ဘယ်လောက်များ မျှော်ရဦးမှာလဲ၊ အလားတူပဲ သူတို့တတွေ လွတ်ဖို့ အားထုတ်နေတဲ့၊ ဒုက္ခတွေခံနေတဲ့ မိသားစုတွေအနေနဲ့ကကော ဘယ်လောက် ကြာအောင် စောင့်ရဦးမှာလဲ”

လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့် စောင့်စားနေကြတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကလည်း ဒီကြေညာချက်အရ ဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေထဲက လွတ်ရက်စေ့သူ တချို့ပဲ လွတ်လာတော့မှာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အခု ကြေညာချက်မှာပါတဲ့ လျှော့ပေါ့ချက်တွေဟာ ရာဇဝတ်မှု အကျဉ်းသားတွေကို အဓိက ရည်ရွယ်တဲ့သဘော ဖြစ်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဆိုတာ ခြွင်းချက်နဲ့ လွှတ်ပေးမှပဲ ဖြစ်နိုင်တော့မယ်လို့ ပြောဆိုနေကြပါတယ်။

 http://www.rfa.org/burmese/news/another-amnesty-01022012105155.html မှ ကူးယူဖော်ပြသည်..။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။