Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

12/10/2011

နေရှင်နယ် ဦးမြင့်၏အကြောင်းတစေ့တစောင်း

ဆရာလွန်း(ဆရာမှိုင်း)နှင့် နေရှင်နယ်ဦးမြင့်တို့သည် ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားစဉ်က အထင်ကရပုဂ္ဂိုလ်များဖြစ်သည်။ ဆရာလွန်းကို ဇာတိမာန်စာဆို၊
အမျိုးသားစာဆို၊ အဖြစ်သိရှိကြသော်လည်း နေရှင်နယ်ဦးမြင့်ကို သိတဲ့လူ နည်းပါသည်။ နေရှင်နယ်ဦးမြင့်သည် နေရှင်နယ်ဒေးခေါ် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာအောင် ပထမဦးဆုံးစည်းရုံးလှုံ့ ဆော်ခဲ့သူဖြစ်သည်။ ဆရာလွန်းက အမျိုးသား ကောလိပ်ပါ မောက္ခဖြစ်သည်။ ဦးမြင့်က ပထမကောလိပ် သပိတ်ခေါင်းဆောင်ဖြစ်သည်။

မြန်မာနှစ် ၁၂၈၂ခု၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်( ခရစ်နှစ် ၁၉၂၀ပြည့် ဒီဇင်ဘာ ၅ရက်)နေ့တွင်ပထမကောလိပ်သပိတ်ကြီးပေါ်ပေါက်သည်။ ယင်းသပိတ်ကြီးသည် ကျောင်းသားများ ဗွေဇော်ဦး ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလိုက်သော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး  တိုက်ပွဲဖြစ်သည်။ ထိုစဉ်က ဦးမြင့်သည် ဘီအေ (BA) အထက်တန်း (အင်္ဂလိပ်စာဂုဏ်ထူးတန်း)တက်နေသူဖြစ်သည်။ သပိတ်မှောက်ရာတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သည့် သပိတ်မှောက်ကောင်စီ ၂၆ ဦး တွင် ဦးဘဦး၊ ဦးဘတင်၊ ဦးဖိုးကျား၊ ဦးဖိုးလတ်၊ ဦးလူဖေ၀င်း၊ ဦးထွန်းဖေ၊ ဦးမြ(နောင်သခင်မြ)၊ ဦးမြင့် တို့ပါဝင်သည်။ ဦးမြင့်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုတွင် များစွာ စိတ်အားထက်သန်သူ ဖြစ်သည်။ မည်သူကချော့ချော့။ မည်သူကခြောက်ခြောက် ပျော့မည့်သူ၊ ကြောက်မည့်သူမဟုတ်ပေ။ ယုံကြည်ချက်ခိုင်မာသူ၊ ဇွဲသတ္တိရှိသူဖြစ်သည်။ သာဓက ပြရလျှင် သပိတ်မှောက်သည့် ညနေက သပိတ်စခန်းရှိရာ ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်အနီးရှိ ရှင်အရိယကျောင်းသို့ အင်္ဂလိပ်လူမျိုး ကောင်းလိပ်ကျောင်းအုပ်ကြီး နှင့် ဆရာဘတို့ ရောက်လာသည်။ ကျောင်းသားများကျောင်းပြန်တက်ရန်နှင့် စာကြိုးစားရန် ပြောလေသည်။ ထိုအခါ သပိတ်မှောက်ကျောင်းသားတစ်ဦးက “ အင်္ဂလိပ်တို့ဟာ ပရိယာယ်များတယ်။ ခင်ဗျားတို့သွေးဆောင်ရာသို့ မလိုက်ဘူး ” ဟု အော်ပြော လိုက်သည်။ ဦးမြင့်ကလည်း “ ကျွန်တော်တို့ထွက်လာတာ ရည်ရွယ်ချက်ရှိပါတယ်။ ဆရာတို့ခေါ်ပေမယ့် အလကားပဲ။ သွေးဆောင်ခေါ်မနေပါနဲ့တော့၊ ဆရာကြီး အခုချက်ချင်းထွက်သွား။ မကြည့်ချင်ဘူး “ဟု အော်ဟစ်ပြောဆိုခဲ့သည်။ ၁၉၂၀ ပထမ ကော်လိပ်သပိတ်ကြီးသည် များစွာအောင်မြင်သည်။ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသော နယ်ပယ်များတွင် မြန်မာတို့နိုးကြားလာခဲ့သည်။ ရန်ကုန်မြို့တွင် အမျိုးသား ကောလိပ် ကောလိပ်ကျောင်းတစ်ကျောင်းနှင့် အနယ်နယ် အရပ်ရပ်တို့တွင် အမျိုးသား ကျောင်းပေါင်း ကိုးဆယ်ကျော် ပေါ်ပေါက်လာသည်။ ၁၉၂၁ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့၌ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး န၀မအကြိမ်မြောက် ကွန်ဖရင့် ကျင်းပသည်။ သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်အဖြစ် ဦးမြင့်တက်ရောက်သည်။ သခင်ကိုယ်တော်မှိုင်းလည်း တက်ရောက်သည်။ ယင်းကွန်ဖရင့်ကြီးတွင် အမျိုးသားနေ့ သတ်မှတ်ရန် အကြိတ်အနယ် ဆွေးနွေးကြသည်။ သူရိယသတင်းစာ ဆရာတစ်ဦးက သီပေါမင်းပါတော်မူသည့်နေ့ကို အဆိုပြုသည်။ ပျဉ်းမနား (အေလာ)မှ ကိုယ်စားလှယ် တစ်ဦးကမူ ဆရာတော်ဦးဥတ္တမ ထောင်ကျသောနေ့ကိုသတ်မှတ်ရန် အကြံပေးသည်။ သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်ဦးမြင့်က ပါတော်မူနေ့၊ ထောင်ကျသောနေ့ များသည် မင်္ဂလာမရှိပါ၊ အမင်္ဂလာဖြစ်သည်။ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းသြဘာနိမိတ်ထွန်းဆိုသည့်ရှေးသူဟောင်းတို့ဆိုသည့်အတိုင်း မင်္ဂလာရှိသောနေ့ကို ရွေးချယ်ရန် တင်ပြသည်။ တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သည့်ကိစ္စသည် အင်္ဂလိပ်လက်ထက် တွင် အင်္ဂလိပ်ဥပဒေကို ပထမဦးဆုံး တော်လှန်သည့်ကိစ္စဖြစ်သည်။ အကျမဟုတ် အတက် ဖြစ်သည်။ အစုန်မဟုတ် အဆန်ဖြစ်သည်။ တစ်နိုင်ငံလုံး နိုးကြားတက်ကြွပြီး ၀ံသာနု ရက္ခိတတရား  ထွန်းကားလာသည့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့ကို သတ်မှတ်ရန် တင်ပြသည်။ ဂျီစီဘီအေ ကွန်ဖရင့်ကြီးက ဦးမြင့်၏ အဆိုကို လက်ခံသည်။ အတည်ပြုခဲ့သည်။ ထို့ကြောင့် ကျောင်းသာများ သပိတ်မှောက်သည့်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ကြောင်း ကြေငြာလိုက်လေသည် ။ထိုနေ့သည် နယ်ချဲ့တို့အပေါ် အောင်ပွဲခံသည့်နေ့ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ဟု ခေါ်ကြသည်။ ထိုအချန်မှစ၍ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ရောက်တိုင်း အမျိုးသား အောင်ပွဲနေ့ ကျင်းပခဲ့ကြလေသည်။ (အမျိုးသားရေးအသွင် မြန်မာသက္ကရာဇ်ကို ယူပါသည်။) အမျိုးသားအောင်ပွဲနေ့ (နေရှင်နယ်ဒေး) ပေါ်ပေါက်လာအောင် ပထမဦးဆုံး စည်းရုံးလှုံ့ဆော်ခဲ့ သူဦးမြင့်ကိုလည်း နေရှင်နယ်ဦးမြင့်ဟု ခေါ်တွင်ခဲ့လေသည်။

သခင်ကိုယ်တော်မှိုင်း အမှတ်တရ


သခင်ကိုယ်တော်မှိုင်းကို မတ်လ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ဆရာကြီးကို မွေးဖွားခဲ့သည်မှာ ယနေ့ ၂၃ - ၃ -၂၀၁၀ တွင် နှစ်ပေါင်း ၁၃၂ နှစ်ရှိပြီ ဖြစ်သည်။ ဆရာကြီးအမှတ်တရ မှတ်တမ်းဓါတ်ပုံများကို ဖေါ်ပြလိုက်ရပါသည်။
ဆရာကြီး၏ လက်ရေးမူ

ဆရာကြီးအား ဂုဏ်ပြု ရေးသားထားသည့် ဆရာတင်မိုး၏ ကဗျာ
ဆရာကြီးရေးသားခဲ့သော 
စာအုပ်စာရင်း





ထိုဓါပုံများအားလုံးကို http://ottara2008.blogspot.com/2008/03/blog-post_4677.html မှ ကူးယူဖေါ်ပြထားပါသည်။

“စာအုပ်ထဲကလှပသော စကားလုံးများနှင့် ကျွန်ုပ်တို့၏…”



အကြမ်းမဖက်ရေး ငြိမ်းချမ်းရေး ဆိုတဲ့စကားလုံးတွေဟာ စကားလုံးအဖြစ်ရှိနေခဲ့ပြီး တကယ်လည်း နှစ်သက် စရာ ကောင်းပါတယ်။ နိုင်ငံတော်အာဏာကိုအကြမ်းဖက်တဲ့နည်းနဲ့ရယူတာဟာမကောင်းဘူး။ အဲဒီအစဉ်အလာကိုလည်း အားမပေးသင့် သလိုအဓွန့်ရှည်ကြာစွဲမြဲ လာတာမျိုးကိုလည်း ခွင့်မပြုသင့်ဘူး။ အလွန်ကောင်းမွန်တဲ့ စကားပါ။ လက် မခံနိုင်ဘူးဆိုတဲ့ သူတွေဟာ အကြမ်းဖက်လိုသူတွေ၊ အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုသူတွေ ဖြစ်သွား နိုင် ပါတယ်။
ငြိမ်းချမ်းရေးဆိုတာဒေသတွင်း၊ တိုင်းပြည် နိုင်ငံတွင်းမှာတင် ရှိသင့်တဲ့ အရာမဟုတ်ဘဲ ကမ္ဘာတ၀ှမ်းလုံးမှာရှိ သင့်တဲ့ ရှိရမယ့် အရာတခုလည်း ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း ဘာမှအငြင်းပွားစရာ ရှိကြလိမ့်မယ် မဟုတ်ပါဘူး။ ပြောလို့ ကတော့ အလွန်ကောင်းပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးပျက်ပြားပြီး ကမ္ဘာစစ်ကြီးတွေ ဖြစ်လာရပုံကို ပြန်စဉ်း စားရပါလိမ့်မယ်။ ဘယ်သူတွေက ဘယ်လိုစခဲ့တာပါလဲ၊ ဘယ်လိုစစ်ကြီးတွေ ပြီးဆုံးအောင်လုပ်ခဲ့ပြီး ဘယ်သူတွေက လုပ်ခဲ့ကြတာပါလဲ၊ ကမ္ဘာ့သမိုင်းစာမျက်နှာတွေမှာ အထင်အရှားမှတ်တမ်းတင်ထားခဲ့ပြီး ဖြစ်ပါတယ်။ စစ်ပွဲအတွင်းမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ နိုင်ငံတွေက ပြည်သူလူထုတွေက စစ်သွေးစစ်မာန်တွေ သိပ်တက်ကြွ၊ သိပ်စစ်တိုက်ချင်၊ တခြား နိုင်ငံတွေကို သိပ်တိုက်ခိုက်သိမ်းပိုက်ချင်ခဲ့ကြလို့ စတင်ရန်စတိုက်ခိုက်ခဲ့ကြရာက ကမ္ဘာစစ်ကြီးတွေ ဖြစ်ခဲ့ကြတာ မ ဟုတ်တာကတော့ သေချာပါတယ်။ ဈေးကွက်ချဲ့ထွင်ချင်၊ နယ်မြေပိုင်နက်ချဲ့ထွင်လိုသူ လက်ဝါးကြီးအုပ် အရင်းရှင် ကြီးတွေနဲ့ အဲဒီ လက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေက မွေးမြူတင်မြောက်ခဲ့ကြတဲ့ နယ်ချဲ့အစိုးရတွေ၊ နယ်မြေဒေသ ချဲ့ထွင်သိမ်းပိုက်ပြီး လက်နက်နဲ့ ပြည်သူလူထုတွေကို ဖိနှိပ်အုပ်စိုး နှိပ်စက်ညှင်းပမ်းပြီး စစ်နိုင်ငံကြီးတွေထူထောင် ကိုယ်ကျိုးရှာချင်ကြတဲ့ ဖက်ဆစ်အာဏာရှင်တွေ ကြောင့်သာဖြစ်ခဲ့ကြတာပါ။ လိုတိုရှင်းနဲ့ ယေဘုယျ ပေါ့လေ။
တိုတိုပြောရရင် တိုင်းပြည်တပြည်ရဲ့ ငြိမ်းချမ်းရေးကို အဓိကပျက်ပြားအောင်၊ ပျက်စီးအောင် လုပ်ဆောင်ခဲ့ကြသူတွေ ဟာ အာဏာာရယူ အုပ်ချုပ်နေခဲ့တဲ့ အစိုးရတွေနဲ့ သူတို့ရဲ့စစ်တပ်တွေချည်းပါပဲ။ တဘက်ကသူတွေကတော့ ကိုယ့်အ ခွင့်အရေး၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ဘ၀ ကိုယ့်အသက်ကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်ပြီး တိုက်ခိုက်ကြရတာတွေ ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အတိတ်နဲ့ပစ္စုပ္ပန် သမိုင်းကိုပြန်ကြည့်ရင် ဒီအချက်ကို ထင်ထင်ရှားရှားတွေ့ ကြရပါလိမ့်မယ်။ အင်္ဂလိပ်နယ်ချဲ့ရဲ့ သွေးခွဲမှုကိုပဲ အပြစ်ပုံချခဲ့ကြပါတယ်။
ဖဆပလ အစိုးရ၊ အိမ်စောင့်အစိုးဆိုတဲ့ စစ်အစိုးရနဲ့ နောက်တက်လာတဲ့ ရွေးကောက်ပွဲနိုင် ပထစ အစိုးရတွေမှာရော အပြစ်မရှိကြပါဘူးလား။ ဗိုလ်ချုပ်ရယူပေးခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ အင်အားကို အကျိုးရှိရှိအသုံးမချနိုင် ဘဲ၊ ငါနဲ့မတူ ငါ့ရန်သူလုပ်ပြီး ရဲဘော်ရဲဘက်ချင်းတွေကို နှိပ်ကွပ်ခဲ့၊ တိုင်းရင်းသားလူမျိုးတွေကို ပေးခဲ့တဲ့နှုတ်ကတိ ကိုဂရုမစိုက် လစ်လျှူရှု ပြီး မဟာလူမျိုးကြီးဝါဒနဲ့ တတိုင်းပြည်လုံးကို လွှမ်းမိုးအုပ်စိုး ကိုယ်ကျိုးရှာဖို့ ကြိုးစားခဲ့တာတွေ။ လူမျိုးငယ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ၊ တန်းတူညီမျှရေးတွေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးမထား ချိုး ဖောက်ခဲ့တာတွေ၊ နောက် စစ်အာဏာရှင်စနစ် ထူထောင်ပြီး တိုင်းရင်းသားတွေကို ထင်သလို နှိပ်စက်ညှင်းပမ်း မုဒိမ်း ကျင့်၊ လူမျိုးတုံးသတ်ဖြတ်ပစ်ဖို့ကြိုးစားခဲ့တာ၊ကြိုးစားနေတာတွေကြောင့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ။ တောက်လောင်နေတာ ဖြစ်ပါတယ်။ အဲဒီ တောခိုနိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်တပ်တွေ၊ တိုင်းရင်းသား လက်နက် ကိုင် အင်အားစုတွေက ငြိမ်းချမ်းရေးကို ခါးခါးသီးသီး ငြင်းပယ်ခဲ့ဖူးပါသလား။
ငြိမ်းချမ်းရေးကို မလိုချင်ဘူး စစ်ပဲတိုက်မယ်လို့ ပြောခဲ့ဖူးပါသလား။ ပြည်တွင်းစစ်ကို ဘယ်သူက ကိုယ်ကျိုးစီးပွားအ တွက် မွေးမြူခဲ့ပါသလဲ။ လက်နက်နိုင်ငံ စစ်လက်ဝါးကြီးအုပ် အရင်းရှင်နိုင်ငံတခုအဖြစ် ဘယ်သူတွေက တည်ဆောက် ဖို့ ကြိုးစားခဲ့ ကြိုးစားနေကြတာပါလဲ။ ကျနော်တို့ထောက်လှန်းရေး ၄ စစ်ကြောရေးတိုက်ထဲမှာတုံးက ကျနော်တို့ကို စစ်ဆေးတဲ့ ထောက်လှန်းရေးအရာရှိကို အဲဒီမေးခွန်း တည့်တည့်ပဲမေးကြည့်ခဲ့ဖူးပါတယ်။ သမိုင်းကို ပြန်ပြောပြခဲ့ဖူးပါ တယ်။ ပထမပိုင်းမှာ ၀န်မခံခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့တပ်မတော်ဆိုတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးတွေရဲ့ ငြိမ်းချမ်း ရေး တကယ်ရယူဖို့ မကြိုးစားခဲ့တာတွေ၊ မလိုချင်ခဲ့တာတွေနဲ့ ပြည်တွင်းစစ်ကြီးကို မီးရှိန်မြင့်တက်အောင် လုပ်ပေးခဲ့ တဲ့ အဖြစ်ကို ၀န်ခံခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ အမြင်ကို စာတမ်းရေးပေးခိုင်းလို့ ကျနော် အေ 4 ဆိုက်နဲ့ စာမျက်နှာ ၃၇ မျက်နှာပါ စာတမ်းတခုကို ရေးပေး ပြီး လက်မှတ်ထိုးပေးခဲ့ပါတယ်။ အဲဒီအချိန်က ထောက်လှန်းရေးမှူးချုပ်လုပ်ခဲ့တဲ့ သူတို့ ဗိုလ်ချုပ် ခင်ညွန့်လက်ထဲအ ရောက် ထည့်ပေးဖို့လည်း ပြောခဲ့ပါတယ်။ အဲဒီစာတမ်းမှာ ပြည်တွင်းစစ်ကိစ္စတင်မဟုတ်ပါဘူး အဲဒီတုံးက မြန်မာ့ ဆို ရှယ်လစ်လမ်းစဉ်ပါတီ ဘာဖြစ်လို့ လူထုမထောက်ခံပဲ ကျဆုံးခဲ့ရတဲ့အပေါ် ကျနော်တို့ရဲ့အမြင်ကိုလည်း တောင်းခံလို့ ရေးပေးခဲ့ပါတယ်။ နောက် ဘယ်ပါတီပဲထောင်ထောင် အဲဒီအတိုင်းဆက်ပြီး ကျင့်သုံးဆောင်ရွက်သွားအုံးမယ် ဆိုရင် လည်းဘယ် လိုလူမျိုးကပဲထောင်ထောင် ဒီလိုပဲ ကျဆုံးရှုံးနိမ့်အုံးမှာပဲလို့ အာမခံ ဟောကိန်းထုတ်ပေးခဲ့ပါတယ်။
အဲဒီအရာရှိက အဲဒီစာတမ်းအတွက် ထောင်ပိုမကျ စေရပါဘူးလို့ ပြောခဲ့ပါတယ်။ ကျနော်က ကိစ္စမရှိပါဘူးလို့ပြောခဲ့ပါ တယ်။ ဒါဖြစ်ရပ်မှန်ပါ။ ပြောချင်တာက ငြိမ်းချမ်းရေးကို မလိုချင်သူတွေ အကြမ်းဖက်လိုသူတွေဟာ ခေတ်အဆက် ဆက် အစိုးရတွေသာဖြစ်ခဲ့ပြီး ပြည်သူလူထုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက မလိုချင်တာ အ ကြမ်းဖက်ချင်ကြတာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါဟာ မြန်မာနိုင်ငံရဲ့အစဉ်အလာ၊ ယဉ်ကျေးမှု ဖြစ်လာပြီဆိုရင်လည်း အဲဒီ အစဉ်အလာ ဒါမှမဟုတ် ယဉ်ကျေးမှုကို ဘယ်သူတွေက ဖန်တည်းခဲ့၊ ဖန်တည်းနေတာပါလဲ။ အဲဒီ ဖန်တည်းနေ သူတွေကိုပဲ စွန်လွှတ်ဖို့၊ တိုက်ခိုက် ပစ်ခတ် သတ်ဖြတ် နှိပ်စက်ညှင်းပမ်းနေတာတွေ၊ မတရားလုပ်နေတာတွေ၊ ကိုရပ် ပြီး ပြည်သူတွေလိုလားနေတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတွေကို ပေးအပ်ဖို့ ပြောရမှာပါ။
ဒီဆောင်းပါးကို ရေးရတာက ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ လူငယ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည် က “လက်နက်ကိုင် အကြမ်းဖက်မှု ကို နိုင်ငံရေး သဘောတရားအရ လက်မခံပါဘူး။ အကြမ်းဖက်တဲ့နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ နိုင်ငံရဲ့ အာ ဏာကို လွှဲယူတာ ဒီဟာတွေက ဒီနိုင်ငံမှာ အစဉ်အလာ ဖြစ်နေပြီ။ ဒီအစဉ်အလာကို ပြောင်းလည်းရမယ်ဆိုတာ ကျမ တို့ ခံယူချက်အနေနဲ့ အကြမ်းမဖက်တဲ့နည်းကို သွားတာပါ။ အကြမ်းဖက်တာ အမြဲမှားသလား။ ဒီလိုတော့လည်း ပြော လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်တဲ့ဖက်ကနေ ရပ်တည်ပြီးတော့ ခုခံတိုက်ခိုက်တာ ရှိတယ်။ ကျမကတော့ ရေရှည်ကို စဉ်းစားစေချင်တယ်။ အကြမ်းဖက်တဲ့နည်းနဲ့ မြန်မြန်ရပြီးတော့ နောက်ဆက်တွဲ ဒဏ်ရာတွေကို ဘယ် လောက်ကြာကြာ ပျောက်အောင် ကုသရအုန်းမှာလဲ။ တကယ်အကြမ်းဖက်တဲ့နည်းနဲ့လုပ်လို့ နောက်ဒုက္ခတွေ ရှင်း သွားရင်တော့ တမျိုးပေါ့။” လို့ သူမရဲ့အမြင်သဘောထားကို ဆွေးနွေးသွားတာကြောင့်ပါ။
လက်နက်ကိုင်အကြမ်းဖက်မှုကို နိုင်ငံရေးသဘောတရားအရ လက်မခံနိုင်ဘူးဆိုတာ မှန်ပါတယ်၊ ကျနော်တို့လည်း လက်မခံနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဖခင်ဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ လက်ထက်မတိုင်ခင်ကတည်းက လက်နက်ကိုင် တော်လှန်ရေး တွေရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို မတရားသိမ်း ပိုက်ထားတဲ့ အင်္ဂလိပ်နယ်ချဲ့ကို မြန်မာတော်လှန်ရေး သမားတွေက လက်နက်ကိုင် တော်လှန်ခဲ့ကြတာပါ။ နယ်ချဲ့နဲ့နယ် ချဲ့လက်ပါးစေ မြေရှင်လယ်ရှင်တွေရဲ့ ဖိစီးနှိပ်စက် မှုကို သည်းမခံနိုင်တော့တဲ့ လယ်သမားတွေက လယ်သမားသူပုန်ကြီး ဆရာစံရဲ့ ဦးဆောင်မှု အောက်ကနေ ရရာ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။ ကိုအောင်ဆန်း တို့ လက်ထက်ရောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂ၊ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ကျောင်း သားခေါင်းဆောင်တွေရဲ့ ဦးဆောာင်မှုနဲ့ အင်္ဂလိပ်နယ်ချဲ့အစိုးရကို အကြမ်းမဖက် သပိတ်မှောက်ကြ၊ ဆန့်ကျင် ကန့် ကွက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့လို့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရပြီး ကျောင်းသားကျောင်းသူတွေ အများကြီးထိခိုက်ဒဏ်ရာရ၊ နယ်ချဲ့ရဲ့အကျဉ်းထောင်ထဲ ကျရောက်ခဲ့ရပါတယ်။
ဆောင်းပါးရှည်လျှားလွန်းမှာ စိုးတဲ့အတွက် တိုတိုပြောရရင် နောက်ဆုံးအကြမ်းမဖက် ဆန့်ကျင်တွန်းလှန်လို့ မရတဲ့အ ဆုံး ကိုအောင်ဆန်း ခေါင်းဆောာင်တဲ့ ကျောင်းသားလူငယ်တွေ၊ သခင်လူငယ်တွေဟာ ဂျပန်ဖက်ဆစ်တွေဆီက စစ် ပညာကို သွားရောက်သင်ယူပြီး ဂျပန်ဖက်ဆစ်တွေရဲ့ အကူအညီနဲ့ပဲ အင်္ဂလိပ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့ကြ ရပါတယ်။ ဒုတိယကမ္ဘာစစ်ကို ရင်ဆိုင်နေရတဲ့ အင်္ဂလိပ်နယ်ချဲ့ အခက်တွေ့၊ အကျပ်အတည်းကျနေချိန် ဖြစ်လာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆုတ်ခွာပေးခဲ့ရပြီး ဂျပန်ဖက်ဆစ်တွေရဲ့ အုပ်စိုးမှုအောက်ကို ကျရောက်သွားခဲ့ပြန်ပါတယ်။
ဂျပန် ပေးတဲ့လွတ်လပ်ရေး အတုအယောင်အောက်မှာ မြန်မာတနိုင်ငံလုံး ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းမှုတွေ ခံခဲ့ရ ပါတယ်။ နောက်ဆုံး မခံနိုင်တော့တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်ရဲဘက်တွေနဲ့ နိုင်ငံရေးသမား၊ တော်လှန် ရေးသမားတွေက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု ထောက်ခံမှု နဲ့ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ခဲ့ကြလို့ မြန်မာနိုင်ငံပြည်သူတွေ ဖက်ဆစ်ဂျပန်လက်အောက်က လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။ နောက် အင်္ဂလိပ်နယ်ချဲ့ကို တိုင်းရင်းသားလူမျိုးစုတွေရဲ့ စည်းလုံးညီညွတ်မှုအင်အားကိုပြပြီး လွတ်လပ်ရေးမပေးဘူးဆိုရင်တော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ပြန်ပြီး တိုက်ခိုက်ရလိမ့်မယ်လို့ ရာဇသံပေးခဲ့လို့ မတတ်သာတဲ့အဆုံး အင်္ဂလိပ်နယ်ချဲ့က မြန်မာနိုင်ငံ ကို လွတ်လပ်ရေးပေးခဲ့ရပါတယ်။ နောက်တခါ ကျနော် အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေ အခြေအနေတွေကြောင့် ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးတွေ၊ တိုက်ပွဲတွေ ထပ်ဖြစ်လာပြီး ပြည်တွင်းစစ် ကြီးဖြစ်ပေါ်လာခဲ့ရ တာ ဖြစ်ပါတယ်။ ဒါ တကယ်ဖြစ်ခဲ့တာပါ။ သမိုင်းပါ။
လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ အကြမ်းဖက်တော်လှန်ရေးကို ပြည်သူလူထုက ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြရတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ နောက်ဆုံးကျောင်းသားကျောင်းသူတွေအထိ လက်နက်ကို ကိုင်ချင်လွန်းလို့ကိုင်ခဲ့ကြ အကြမ်းဖက်ချင်လွန်းလို့ ဖက်ခဲ့ ကြတာ မဟုတ်တာတော့ သေချာပါတယ်။ ခုခံစစ်ပါ။ လွတ်မြောက်ရေးစစ်ပါ။
ဒေါ်အောင်ဆန်းစုကြည် စကားထဲမှာပါသလိုပဲ မှန်ကန်တဲ့ဖက်ကနေ ရပ်တည်ပြီး ခုခံတိုက်ခိုက်ကြတာပါ။ ငြိမ်းချမ်း ရေးကို လိုချင်လို့၊ လူချင်းတူတူသူချင်းမျှမျှ နေထိုင်နိုင်ဖို့၊ ဖိစီးနှိပ်စက်လွန်းလို့၊ အသက်ကိုအန္တရာယ်ပေးလာလို့ ခုခံ ကာကွယ် တုန့်ပြန်တိုက်ခိုက်ခဲ့ကြရတာပါ။ အမှန်တရားဖက်က ရပ်တည် ခုခံကာကွယ်တဲ့သူတွေဖက်က မှန်ပါတယ်။ တရားသောစစ်ပါ။ ကျနော်တို့ထောက်ခံ အားပေးပါတယ်။
တခုထပ်ပြောဖို့ ရှိလာတာက အဲဒီအကြမ်းဖက်တဲ့ အစဉ် အလာကို ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်နဲ့ အကြမ်းမဖက် တဲ့နည်းနဲ့ သွားတာပါဆိုတဲ့ လူထုခေါင်းဆောင်ရဲ့စကားပါ။ ကျနော်တို့ နောင်တော် ၆၂ ခုနှစ် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ကျနော်တို့ ၇၀ စုနှစ် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ အခွင့်အရေးတိုက်ပွဲတွေ၊ ဆန္ဒပြ ပွဲတွေ သပိတ်တိုက်ပွဲတွေဟာ လုံးဝ အကြမ်းမဖက်ခဲ့ကြပါဘူး။ လက်ထဲမှာ စာအုပ်တွေပဲပါတာပါ။ ကျောင်းသား ကျောင်းသူတွေပဲ စစ်အာဏာရှင် စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုကြောင့် ကျဆုံးခဲ့ကြ၊ ဒဏ်ရာရခဲ့ကြ၊ အ ကျဉ်းကျခံ ဘ၀ပျက်ခဲ့ကြရတာဟာ တကယ့်ဖြစ်ရပ်ပါ။ နောက်ဆုံး ၁၉၈၈ ခုနှစ်လူထုဒီမိုကရေစီ အရေးတော်ပုံကြီးဟာ လည်း ပြည်သူလူထုတရပ်လုံးရဲ့ အာဏာရှင်စနစ်ကို အကြမ်းမဖက် အုံကြွဆန့်ကျင်တဲ့ တော်လှန်ရေးကြီးတရပ် ဖြစ်ပါ တယ်။ စစ်အာဏာရှင်တွေက ဘယ်လိုဖြေရှင်းခဲ့ပါသလဲ။ ရှင်းပါတယ်။
၂၀၀ရ ခုနှစ် သံဃာတော်တွေဦးဆောင်ခဲ့တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုအုံကြွမှုဟာလည်း အကြမ်းမဖက်ရုံ မက သံဃာတော်တွေရဲ့ မေတ္တာသုတ်သံတွေနဲ့ လွှမ်းဖုံးနေခဲ့တာပါ။ အဲဒီ ဗုဒ္ဓဘုရားရှင်ရဲ့မေတ္တာသုတ်တော်ကို ရွတ် ဖတ်ရင်းငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ဘုရားသားတော်တွေကို စစ်အာဏာရှင်တွေက ဘယ်လိုပြုမူဆက်ဆံခဲ့ပါ သလဲ။ ဒါကတော့ ဒီကနေ့မျိုးဆက်သစ် လူငယ်ကလေးတွေကအစ တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ အကြမ်းဖက်တဲ့ အစဉ်အလာ ကို ဆက်လက်ထိမ်းသိမ်းနေတဲ့ သူတွေက ဘယ်သူတွေပါလဲ။ ဒါကို အကြမ်းမဖက်တဲ့နည်းကိုပဲ သွားမယ်ဆိုတဲ့ လူထု ခေါင်းဆောင် ဘယ်လိုများသွားမှာပါလဲ။ ဘယ်သူပြောတဲ့စကား၊ ဘယ်သူရဲ့မေတ္တာရပ်ခံချက် တိုက်တွန်းချက်ကိုမှ အ ရေးမစိုက်ဘဲနေ၊ စေ့စပ်ဆွေးနွေးစရာ အကြောင်းမရှိပါဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်ထားတဲ့ အစိုးရက စေ့စပ် ဆွေးနွေးဖို့ သဘောတူလာတဲ့ထိ ဒီလိုပဲ မေတ္တာရပ်ခံနေမှာပါလား။ မတရားတဲ့ အမိန့်အာဏာတွေကို ဘယ်လိုနည်းနဲ့ အာခံဆန့်ကျင်ကြရမှာပါလဲ။
ရေရှည်ကိုစဉ်းစားပြီး နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဒဏ်ရာတွေကို ရှောင်ကျဉ်ဖို့ ခုလောလောဆယ်စစ်အာဏာရှင် တွေရဲ့ ဖိစီးနှိပ်စက်မှု မတရားလုပ်မှု မတရားဖမ်းဆီးမှု၊ မုဒိမ်းကျင့်မှု၊ သတ်ဖြတ်မှုတွေကို အကြမ်းဖက်တုန့်ပြန်မှု မလုပ် ဘဲ အကြမ်းမဖက်တဲ့နည်းနဲ့ပဲ ဆန့်ကျင်ကြဖို့ ပြည်သူလူထုကို ကျနော်တို့က နှိုးးဆော် တိုက်တွန်းကြရမှာပါလား။ ခုခံ စစ်ကို အသက်နဲ့ဘ၀နဲ့ရင်းပြီး ဆန့်ကျင်တိုက်ခိုက်နေကြရတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက် လက်နက်ကိုင်နေကြတာကို စွန့်လွှတ်ပြီး စစ်အစိုးရပြုသမျှ အကြမ်းမဖက်ဘဲသာ ခံနေကြဖို့ကျနော်တို့က ပြောကြရမှာပါလား။
ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ အလွန်နားထောင်ကောင်းသလို ငြင်းဆန်စရာ မရှိအောင်ဆွဲဆောင်အားကောင်းပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့သမိုင်းကြောင်းကို အတိတ်ကနေ ခု ပစ္စုပ္ပန် အထိ ကြည့်လိုက်ပါ။ ဘယ်နေရာတွေမှာများ ငြိမ်း ချမ်းနေတာတွေ့ရပါသလဲ။ မြေထဲပင်လယ်တ၀ိုက်က အာရပ်ကမ္ဘာသား ပြည်သူလူထုတွေဟာ အာဏာရှင် အစိုးရ တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ အကြမ်းဖက်လက်နက်ကိုင်ခဲ့ကြရပြီး စစ်အာ ဏာရှင် တချို့လက်လွတ်ထွက်ပြေးခဲ့ရ၊ အာဏာစွန့်လွှတ်ခဲ့ရတာတွေ့ရသလို၊ ကနေ့ထိ လက်နက်ကိုင်တော်လှန်တိုက် ခိုက်နေကြရဆဲဖြစ်တဲ့ လစ်ဗျားပြည်သူတွေ။ အာဏာရှင်ရဲ့ရက်ရက်စက် ခြေမှုန်းနှိမ်နှင်းမှုကို ကြံ့ကြံ့ခံပြီး ဆက်လက် တိုက်ပွဲဝင်နေကြတဲ့ ဆီးရီးယားပြည်သူတွေရဲ့အော်ဟစ် ညည်းညူသံတွေ၊ ငိုကြွေးသံတွေကို ကြားနေရဆဲ ဖြစ်ပါ တယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုတွေဟာ အကြမ်းမဖက်ရော အကြမ်းဖက်လို့ ရော ဆက်ပြီးပေါ်ပေါက်လာလိမ့်အုံးမယ်ဆိုတာလည်း အသေအချာ ပဲဖြစ်ပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးဆိုတာကို နေရာဒေသ တိုင်းပြည်အနည်းအကျဉ်းလောက်ကလွဲရင် ဘယ်နေရာမှာမှ ရှာလို့မရနိုင်တာ၊ တည်ဆောက်လို့ လက် တွေ့ မရနိုင်သလောက် ဖြစ်နေတာကတော့ တကယ့်ဖြစ်ရပ်မှန်ပါ။
ကျနော်တို့တိုင်းပြည်က စစ်အစိုးရအဆက်ဆက်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ်ညှင်းပမ်းသတ်ဖြတ်မှုတွေ၊ မတ ရား ပြုကျင့်မှုတွေနဲ့ ဆင်းရဲမွဲတေမှု ဒုက္ခတွေကို ခါးစီးခံနေကြရတဲ့ ပြည်သူလူကြီးကို စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် လမ်းပြဦးဆောင်ပြီး ပြည်သူလူထုကြီးတရပ်လုံး တကယ်လိုချင် တောင့်တနေတဲ့ ဒီမိုကရေစီကို ရယူပေးဖို့တာဝန်ရှိတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ လူထုကို မှန်မှန်ကန်ကန် ဦးဆောင်မှုပေးဖို့၊ ရဲရဲရင့်ရင့် ဦး ဆောင်မှုပေးနိုင်ဖို့အရေးကြီးပါတယ်။ အဓိက ကစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လွတ်လပ်တရားမျှတ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်ပေါ်လာရေးပါ။ အမြန်ဆုံးဖြစ် နိုင်လေကောင်းလေပါပဲ။ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ဆန့် ကျင်တိုက်ခိုက်ကြ ဖို့ကအရေးကြီးပါတယ်။
နောက်ဆက်တွဲဒဏ်ရာတွေကို လွတ်လပ်တရားမျှတငြိမ်းချမ်းပြီး ဒီမိုကရေစီပြည့်ဝတဲ့ လူ့အဖွဲ့အစည်း တခုထဲမှာ ကုသရတာဟာ စစ်အာဏာရှင်စနစ်အောက်မှာထက် ပိုပြီးလွယ်ကူပါလိမ့်မယ်။ သက်သာပျောက်ကင်းမှုမြန်ဆန်ပါ လိမ့်မယ်။ သိပ်တွေးပူနေစရာ မရှိဘူးလို့ထင်ပါတယ်။
ကျနော်မကြာသေးခင်က ရေးခဲ့တဲ့ဆောင်းပါးတချို့မှာ တင်ပြခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှုမရှိဘဲ အားလုံး ငြိမ်းချမ်းအေးဆေးစွာ ပြီးဆုံးသွားကြလေသတည်းဆိုတဲ့ တော်လှန်ရေးမျိုး ကမ္ဘာ့သမိုင်းစာမျက်နှာတွေမှာရော မြန်မာ သမိုင်းစာမျက်နှာတွေမှာပါ မရှိဖူးသေးဘူးဆိုတာတွေ့ရပါလိမ့်မယ်။ ကျနော်တို့ ပြည်သူလူထုတွေ ထိခိုက်နစ်နာခံစား ခဲ့ကြရတာ ရာစုနှစ်ဝက်ပြည့်လုပါပြီ။ ခုထိလည်း နေ့တဓုဝ တတိတိ ထိခိုက်နစ်နာခံစားနေကြရဆဲ။ ရောဂါဝေဒနာတွေ ခံစားနေကြရဆဲ၊ သေဆုံးနေကြရဆဲ ဖြစ်ပါတယ်။ ထူးပြီးထိခိုက်ခံစားစရာ အကြောင်းမရှိတော့ပါဘူး။ ဒီထက်ဆိုးဆိုး ၀ါးဝါး ခံစားပြီးမှ ငြိမ်းချမ်းသာယာမှု၊ ပျော်ရွှင်မှု သုခကိုခံစားရနိုင်မယ်ဆိုရင်လည်း အဲဒီအဆိုးတရားတွေကို အမြန်ဆုံး ပြေးတွေ့ခံစားပြီး လွတ်မြောက်ငြိမ်းချမ်းမှု ပျော်ရွှင်မှုတွေကိုရယူ ပစ်လိုက်ကြတာက ပိုကောင်းမယ်ထင်ပါတယ်။
ခါးသည်းတဲ့ အတွေ့အကြုံတွေ၊ ဒုက္ခ ဆင်းရဲမှုတွေကြောင့် ပြည်သူလူထုတွေဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင် တိုက်ခိုက်ဖို့ မှန်ကန်ရဲရင့် ထက်မြက်တဲ့ ဦးဆောင်မှုတခုကို တောင်းဆိုနေကြပါပြီ။ အတိုက်အခံ ဒီမိုကရေစီအင်အား စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေမှာလည်း စစ်အာဏာရှင်စနစ်ကို ခြေမှုန်းဖို့ ပိုပြီးခိုင်မာအားကောင်း တဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ ရှိလာကြသလို စည်းလုံးညီညွတ်မှုလည်း ပိုပြီး အားကောင်းလာနေပါပြီ။ ပြည်သူလူ ထုရဲ့ထောက်ခံမှုကိုလည်း ပိုပြီးရရှိလာနေကြပါပြီ။ စစ်အာဏာရှင်စနစ်ကို လူမသိ သူမသိ ဆန့်ကျင်တော်လှန်ဖို့ ကြိုး စားအားထုတ်နေသူတွေလည်း တနေ့တခြား အင်အားတိုးတက် ကောင်းမွန်လာနေပါပြီ။ မှန်ကန်တဲ့ဦးဆောင်မှုကို ရဲရဲ တင်းတင်းပေးအပ်ဖို့ ဖြစ်ပါတယ်။
စေ့စပ်ပြေငြိမ်းရေးသမားတယောက်လို ဘက်နှစ်ဘက်စလုံးကို တော်ကြပါတော့ ရပ်ကြပါတော့၊ ငြိမ်းချမ်းရေးဟာ ကောင်းပါတယ်လို့ ပြောရတာတော့ လွယ်ပါတယ်။ စေ့စပ်ပြေငြိမ်းရေးသမားယောက် (Mediator) ရဲ့ တာဝန်ဟာ ဘက်နှစ်ဘက်ကြားမှာ ပြေငြိမ်းအောင်စေ့စပ်ပေးဖို့ပါ။ သူကကြားလူပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေရေးအတွက် ပြည်သူတွေ ယုံကြည်အပ်ထားတဲ့ ခေါင်းဆောင် တယောက်ပါ။ စေ့စပ်ပြေငြိမ်းရေးသမား၊ ကြားလူတယောက်မဟုတ်ပါဘူး။ အဖိနှိပ်ခံပြည်သူလူထုဘက်ကရပ်တည် ပေးပြီး မတရားတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ဖျက်ရမှာပါ။ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီအခွင့် အ ရေးတွေရရှိဖို့ စစ်အာဏာရှင်တွေကို အောင်နိုင်တဲ့အထိ ဦးဆောင်လမ်းပြမှုပေးရမှာ ဖြစ်ပါတယ်။
ပြည်သူလူထုက ဒီမိုကရေစီအောင်ပွဲအတွက် လူထုခေါင်းဆောင်ကို ယုံကြည်မျှော်လင်ခဲ့ကြပါတယ်။ ယုံကြည်မျှော် လင့်နေကြဆဲလည်း ဖြစ်ပါတယ်။
စိုးနေလင်း 

“မှန်သော အပြော မှန်သောအလုပ်”

မြန်မာနိုင်ငံ အရေခွံလဲ စစ်အစိုးရက သူတို့လိုချင်တဲ့ ရလဒ်တွေဖြစ်တဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှု ရုပ်သိမ်းပေးရေး၊ အာ ဆီယံ ဥက္ကဋ္ဌ ရာထူးနဲ့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု ကိုရရှိဖို့ကို အလွန်လိုက်လျှောပြောဆိုနေတဲ့ အချိန်၊ တချို့လိုက် လျှောလုပ်ဆောင်ပြမှုကလေးတွေ လုပ်နေတဲ့အချိန်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သူတို့ရဲ့ အရေးကြီးတဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကျနော့ ဆောင်းပါး ခေါင်းစဉ်က ဖက်ဒရယ်ကောင်စီရဲ့ အပြောနဲ့ အလုပ်ကို ဆိုလိုတာပါ။
ကျနော်တို့ မြန်မာနိုင်ငံကိုနှစ်ပေါင်းများစွာ မတရားအာဏာရယူ အုပ်ချုပ်လာတဲ့ စစ်အစိုးရအဆက်ဆက်ဟာ သူတို့ အုပ် ချုပ်နေတဲ့ ရာစုနှစ်ဝက်လောက်ကာလ ကနေ့ထိ တိုင်းပြည်အတွက် ဘာတွေလုပ်ပေးခဲ့သလဲ၊ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ တခြားကဏ္ဍတွေမှာ ဘာတွေဖြစ်ခဲ့သလဲ။ ပြည်သူလူထုကြီးတရပ်လုံး ဘယ်အခြေအနေ ရောက်လာခဲ့သလဲ။ စစ်အာဏာ ရှင်တွေနဲ့ သူတို့မိသားစုတွေ၊ လက်ဝေခံ အရင်းရှင်တွေ၊ လက်ကိုင်ဒုတ်တွေက ဘယ်လိုအခြေအနေမှာ ရှိနေသလဲ၊ အား လုံး မြင်သာထင်ရှားဖြစ်ခဲ့ပြီးပါပြီ။ သူတို့အာဏာကို အံတုဖက်ပြိုင်လာတဲ့သူတွေကို ဘယ်လိုတုန့်ပြန် ကိုင်တွယ်လာခဲ့ သလဲ။ နှိမ်နှင်းလာခဲ့သလဲ။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ ပတ်သက်လို့ ဘယ်လို သ ဘောထားခဲ့၊ ကိုင်တွယ်ဖြေရှင်းခဲ့သလဲ။
လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ပြည်တွင်းစစ် အပေါ်ဘယ်လို သဘောထားခဲ့သလဲ၊ ကနေ့အထိရော ဘာတွေဖြစ်နေလုပ် နေသလဲ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သူတို့ရဲ့အတွေ့အကြုံအရ စစ်အစိုးရဲ့ အပြောနဲ့ အ လုပ်တွေကို ထပ်စောင့်ကြည့်ရအုံးမယ် တကယ်ပြောင်းလဲမှာလား လုပ်ရမှာတွေအများကြီး ကျန်နေသေးတယ်လို့ ပြော တာကို အားလုံးကြားပြီး ဖြစ်ပါလိမ့်မယ်။ သူတောင် စစ်အစိုးရအကြောင်းကို ဒီလိုသိထားရင် ကျနော်တို့ နှစ်ပေါင်းများစွာ စစ်အာဏာရှင်တွေရဲ့ ဖိစီးနှိပ်စက်မှုတွေကို ခါးစီးခံနေရတဲ့ ပြည်သူလူထုကြီးနဲ့ တိုင်းရင်းသား လူမျိုးစုတွေက ပိုပြီးသိမြင် နားလည်ပြီး ဖြစ်ကြမှာပါပဲ။ ယုံနိုင်စရာအကြောင်း ခိုင်ခိုင်လုံလုံ မတွေ့ရသေးတာတော့ သေချာပါတယ်။ သတိ ရှိကြဖို့ပါ။ တော်လှန်ရေးသတိ ရှိကြဖို့ပါ။
ခုညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ က ခု ဖော်ထုတ်ပြသလိုက်တဲ့ သဘောထားနဲ့ လုပ်ရပ်က တော့ မှန်တယ်လို့ ကျနော်တို့ ထောက်ခံပါတယ်။ ကရင်သတင်းဌာနရဲ့ သတင်းမှာ…
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက ပြည်ထောင်စု တပ် မတော် ထူထောင်ဖို့ ဆုံးဖြတ်ချက်ရှိခဲ့တဲ့အတိုင်း အခု အကောင်အထည်ဖော်နေတာဖြစ်ပြီး တပ်ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းတာ၊ လုပ်ငန်းစီမံချက်ချမှတ်တာ၊ တပ်ဖွဲ့အားလုံး လိုက်နာလုပ်ဆောင်ရမယ့် စည်းမျဉ်းစည်းကမ်းချမှတ်တာ စတဲ့ အဆင့်ဆင့်ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ UNFC အဖွဲ့ဝင်တခုဖြစ်တဲ့ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌလည်းဖြစ်၊ UNFC ရဲ့ လက်ရှိ စစ်ရေးအကြံပေး ဦးခွန်ဥက္ကာက ဗွီအိုအေကို ပြောပါ တယ်။
“ကျနော်တို့ ဖက်ဒရယ်ကောင်စီဖွဲ့ကတည်းကိုက ဒီကောင်စီဟာ တခြားကောင်စီတွေနဲ့ မတူအောင် ကျနော်တို့ မှာရှိတဲ့ တပ်ဖွဲ့အင်အားတွေကို ပေါင်းစည်းပြီးတော့ ဖက်ဒရယ်တပ်မတော် တခါတည်းဖွဲ့ဖို့ စီမံကိန်းကရှိပြီးသားပါ။ အဲဒီကတည်း က မူကကျပြီးသားပဲလေ။ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ဖက်ဒရယ်ကောင်စီကို ကျနော်တို့ စုဖွဲ့တာတွေ၊ မွမ်းမံတာတွေ လုပ်တာက လေးငါးခြောက်လကနေ ကိုးလလောက် ကြာတဲ့အချိန်မှာ တပ်ကတော့ အကောင်အထည် မဖော်သေးတာပဲဖြစ်တာပေါ့။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အ ကောင်အထည် ဖော်ဖို့အတွက် တပ်မတော်ကလည်း တတပ်တအား အထောက်အကူဖြစ်မယ်။ နောက်ပြီးတော့ စစ်ရေး အရ ဖိနှိပ်မှုတွေကိုလည်း စုပေါင်းတွန်းလှန်မယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားဒေသ တိုင်းရင်းသားနယ်မြေ တိုင်းရင်းသား ပြည်သူလူထုတွေကိုလည်း  အကာအကွယ်ပေးသွားမယ်။ ဒါကတော့ ကျနော်တို့ ပဏာမထားတဲ့ ရည်ရွယ်ချက်ပေါ့။ ပြည်တွင်းတည်ငြိမ်မှု ငြိမ်းချမ်းမှုရရင် ဒီတပ်တွေဟာ ပြည်တွင်းမှာ ဘာမှ သုံးဖို့မလိုဘဲနဲ့ ပြည်ထောင်စုကြီးကို ကာကွယ် တဲ့ ပြည်ထောင်စုတပ်အဖြစ် အသွင်ပြောင်းဖို့ ပြည်ထောင်စုတပ်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်သွားဖို့ ဒါက ကျနော်တို့ အဓိက ရည်ရွယ်တဲ့ဟာ ဖြစ်ပါတယ်။”
အဲဒီလိုတွေ့ရသလို ကြံ့ဖွံ့သမတ ဦးသိန်းစိန်ရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက် နဲ့ပတ်သက်ပြီးလည်း..
“သမ္မတ၏ ငြိမ်းချမ်းရေးကမ်း လှမ်းချက်ကို ဖြိုခွဲခြင်း နည်းဗျူဟာဟု UNFC ပြော” ဆိုတဲ့ သတင်းခေါင်းစဉ်အောက်မှာ …..
“သူတို့ (မြန်မာအစိုးရ) ပြည်နယ်တခုနဲ့ မတူတဲ့အပေါ်မှာ၊ လိုအပ်မှုလည်း မလိုအပ်တဲ့အပေါ်မှာ UNFC တွေကို တဖွဲ့ချင်း စီနဲ့ တွေ့တာဟာ ဒါ ခွဲထုတ်ရေးဆိုတဲ့ သဘောပါ။ သီးခြားစီတွေ့ပြီးတော့မှ အပစ်ရပ်လုပ်ပြီး နောက်ဆုံး ဒေသဖွံ့ဖြိုးရေး၊ ဘာရေးနဲ့ အချိန်ဆွဲထားတယ်။ နောက် အဲဒီအဖွဲ့ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် သူတို့ ဖွဲ့စည်းပုံအတိုင်းပဲ ဦးတည်နေ တယ်။” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ခုလို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို သတိနဲ့ မှန်မှန်ကန်ကန် သုံးသပ်ပြီး ပြည်ထောင်စု တပ်မတော်တခုစတင်တည်ထောင်တယ်ဆိုတာ အလွန်မှန်ကန်တဲ့ ဆုံးဖြတ် ချက်နဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မလိုချင်တာက တိုင်းရင်းသားလူမျိုးစုတွေမဟုတ်သလို အတိုက် အခံဒီမိုကရေစီ အင်အားစုတွေ မဟုတ်ပါဘူး။ စစ်အာဏာရှင် အဆက်ဆက်ပါ။ ခုချိန်ထိလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘောတူ ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်ကို အခြေခံမူအဖြစ် ကိုင်စွဲတောင်းဆိုနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ စစ်မှန် တဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ကိုညီညွတ်သော တိုင်းရင်းသား လူ မျိုးများ ဖက်ဒရယ်ကောင်စီ အနေနဲ့ပဲ ဆွေးနွေးပြောဆိုဖို့စကတည်းက တင်ပြတောင်းဆိုထားတာ၊ ရှမ်းနဲ့ ဒီကေဘီအေ၊ ကေအင်ယူ လက်နက်ကိုင်အင်အားစုတွေရဲ့ တင်ပြတောင်းဆိုမှုတွေကို မသိကျိုးကျဉ်လုပ်ပြီး တဖွဲ့ချင်းခွဲထုတ်၊ ပြည်နယ် အစိုးရအဆင့်နဲ့ ဆွေးနွေးပြောဆိုနေတာဟာ ယာယီ အပစ်အခတ်ရပ်စဲရေးရဖို့သာ ဖြစ်ပြီး အချိန်ဆွဲဖြိုခွဲရေးနည်းဗျူဟာ ကို ကျင့်သုံးဖို့ ပြင်ဆင်နေတာသာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ဖြစ်နေတဲ့ စစ်နဲ့ပတ်သက်ပြီး ကြံ့ဖွံ့ သမတရဲ့အပြောဟာ ဗိုလ်ချုပ်ကြီး ဟောင်းပီပီ မောက်မာ ရိုင်းပြပါတယ်။ ငါတို့ ခေါ်တုံးလုပ်နော် မလုပ်ရင်တော့ အပြုတ်တိုက်ပစ်မယ်လို့ စစ်အင်အား အာဏာကိုပြပြီး ခြိမ်းခြောက် လိုက်တာ ပါပဲ။
တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ယာယီအကျိုးစီးပွား၊ ဒေသဖွံဖြိုးရေး မက်လုံးနဲ့ ပရိယာယ်သုံးချဉ်းကပ်လာတဲ့ စစ်ရုပ် သေး အစိုးရကို သတိကြီးကြီးထားပြီး အားလုံးညီညီညွတ်ညွတ်နဲ့ တောင်းဆို ဆွေးနွေးကြဖို့ ကောက်ကျစ်စဉ်းလဲပြီး ဖြို ခွဲချေမှုန်းရေးလုပ်ဖို့ ကြိုးစားလာရင်လည်း တညီတညွတ်တည်း တုန့်ပြန်ဆန့်ကျင်တိုက်ခိုက်ဖို့ပြင် ဆင်ထားကြရပါ လိမ့် မယ်။
အနုနည်း အပျော့နည်း မက်လုံးပေးသိမ်းသွင်းနည်း အချိန်ဆွဲဖြိုခွဲနည်း စတဲ့နည်းတွေကို ကောက်ကောက်ကျစ်ကျစ် အ သုံးပြုသလို ခြိမ်းခြောက် အင်အားသုံး အရက်စက်အကြမ်းတမ်းဆုံး ချေမှုန်းရေးနည်းတွေကိုလည်း အသုံးပြုခဲ့တဲ့ စစ်အာ ဏာရှင်တွေကို ရင်ဆိုင်နေရရတဲ့ ဒီမိုကရေစီချစ်မြတ်နိုးသူ ပြည်သူလူထုကြီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေအားလုံးအနေနဲ့ သတိကြီးကြီးထားကြဖို့ ဦးတည်ချက်မပျက် ဆက်လက်ကြိုးပမ်းကြဖို့ အလွန်အရေးကြီးတဲ့အကြောင်း ဖော်ပြရင်း ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ မှန်ကန်တဲ့အပြောနဲ့ အလုပ်ကို ထောက်ခံကြိုဆိုပါကြောင်း တင်ပြလိုက်ပါတယ်။           ။
စိုးနေလင်း 

အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်(လ်)ဆု ရရှိခြင်းအထိမ်းအမှတ် အနှစ် (၂၀)ပြည့်ဂုဏ်ပြုအခမ်းအနား ဖိတ်စာ


                           


အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်းအနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ဖွင့်ပွဲကို၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈း၃၀ နာရီမှ နံနက် ၁၁း၀၀ နာရီအထိသာဓုပရိယတ္တိစာသင်တိုက်၊ ရွှေညဝါပညာ့ဗိမာန်၊ နတ်စင်လမ်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါသည်။

ယနေ့ခေတ် ပညာရေးဟာ ဒီလောက်တောင်မှ ခြစားပိုးထိုးပျက်စီးနေပြီလား???



“မွေးစားကလေးမို့လို့  ဆုတစ်ခုခု ချိတ်ရင် ပြီးရောဆိုပြီး  တတိယနေရာ ထားလိုက်တာ။ ညီမ မကျေနပ်ရင် ဒုတိယ ထားပေးလိုက်မယ်။ အစကတည်းက ရှင်းရှင်း ပြောရောပေါ့ ညီမရယ်“ တဲ့ - သမီးရဲ့ အတန်းပိုင်က ကျွန်မကို ဒီနေ့   ပြောလိုက်ပါတယ်။


မနေ့က (6.12.2011 နေ့က) သမီး ကျောင်းက ပြန်လာတော့ ပြောပါတယ်။ သူတို့အတန်းပိုင် ဆရာမက ဒီနေ့ အတန်းထဲမှာ ဆုရသူတွေ စာရင်းကို ပြောလိုက်တယ်။ သမီးက “တတိယ” ပဲ ရတယ်လို့ ပြောပါတယ်။
သမီးတို့ရဲ့  ဒီနှစ် ပထမတန်းအတန်းပိုင် ဆရာမက မနှစ်က သူငယ်တန်း သင်ပြီး၊ ဒီနှစ်တစ်တန်းကို ဆက်သင်ရတာပါ။


သမီးက “တတိယ” ပဲ ရတယ်လို့ ပြောတော့၊ ကျွန်မတို့ တစ်အိမ်သားလုံး တော်တော် အံသြသွားကြပါတယ်။
အခု ပြီးခဲ့တဲ့ နွေရာသီကပဲ၊ ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင် ပြောလိုက်တာပါ။ “ဆရာကြီး မြေးနဲ့ အတူတူ ပူးတွဲ ပထမ ရတယ်” လို့-။


ဒါပေမယ့်၊ မနှစ်က ဒီဇင်ဘာလလောက်တုံးက အတန်းပိုင်ဆရာမကို သမီးရဲ့ အခြေအနေကို မေးကြည့်တော့ ဆရာမက “ စိတ်ချပါ။ ဒုတိယနေရာ ယာထားပါတယ်” လို့ ပြောလိုက်ပါတယ်။
ကျောင်းအုပ်ကြီး ကိုယ်တိုင်က “ပထမ” ရတယ်လို့ ပြောလိုက်တော့၊ သြော် တကယ် ပထမဖြစ်မှာပါလေလို့ တစ်အိမ်သားလုံး ၀မ်းသာ နေကြရပါတယ်။


အခုတော့ - သူငယ်တန်းအတွက် ဆုပေးပွဲလုပ်ခါနီး ဆုစာရင်းကို တကယ်ကြေငြာတော့ - သမီးက “တတိယ” ဖြစ်နေပြန်ရော။
ပထမက (၃)ယောက်။ ဒုတိယက (၂)ယောက်။ တတိယက (၂)ယောက်။
ပထမရတဲ့ (၃)ယောက်က - ဆရာကြီးရဲ့ မြေး၊ ဆရာမအတွက် နေ့တိုင်း ထမင်းချိုင့်တစ်ချိုင့် ပိုပိုထည့်ယူလာတဲ့ ကောင်ကလေး။ ဒီကလေးရဲ့ အဖေအမေက ဆရာမကို အခြား အထောက်အပံ့များလည်း ရှိပါသေးသည်။ နောက်တစ်ယောက်ကိုတော့ ကျွန်မလည်း သိပ်မသိပါ။
ဒုတိယက (၂)ယောက်က ကုလားလေးတွေ။ ကုလားလေးတွေက အတန်းထဲမှာ ခိုးလည်း ခိုးတတ်သည်။ မိဘက မ၀ယ်ပေးနိုင်လို့ ခိုးတာမျိုး မဟုတ်။ တမင် ဗွေဆိုြး့ပီး လက်ဆော့တာဖြစ်သည်။ သူတို့မိဘတွေက သူတို့ ကလေး ဆိုးမှန်းသိတော့ ဆရာမကို မကြာခဏ အကြောင်းအမျိုးမျိုးရှာကာ လက်ဆောင် ပေးကြသည်။ ပြီးခဲ့တဲ့ (၂)ရက်က ဆရာမမွေးနေ့။ ကုလားလေး တစ်ယောက်ပေးတဲ့ ဆရာမအတွက် မွေးနေ့လက်ဆောင် အကျီ င်္က လှလိုက်တာ လို့တော့ သမီးက ကျွန်မကို ပြောပြသား။ ကျွန်မကလည်း ဆရာကြီးကိုယ်တိုင်က မြေးနဲ့ အတူတူ ပူးတွဲ ပထမ ရတယ်” လို့ ပြောထားပြီးသားဖြစ်နေတော့ - အမှတ်တမဲ့ နေလိုက်မိပါတယ်။


ဒီလိုဆိုတော့ ကျွန်မသမီး သူငယ်တန်းအတွက် ဆုက - ပထမ၊ ဒုတိယ၊ တတိယ - အမျိုးမျိုး ဖြစ်နေပါတယ်။ ဘယ်ဟာ အမှန်လဲဆိုတာ ကျွန်မရော ကျွန်မမိဘတွေကပါ သိချင်ကြပါတယ်။ ဒါကြောင့် ဒီနေ့ နေ့လည် ဆရာမဆီကို သွားမေးကြည့်ဖြစ်ပါတယ်။


အဲဒိတော့ အတန်းပိုင်ဆရာမက ပြောပါတယ်။ ချက်ချင်းကို ပြောလိုက်တာပါ။ “မွေးစားကလေးမို့လို့  ဆုတစ်ခုခု ချိတ်ရင် ပြီးရောဆိုပြီး  တတိယနေရာ ထားလိုက်တာ။ ညီမ မကျေနပ်ရင် ဒုတိယ ထားပေးလိုက်မယ်“
“ကျွန်မသမီးကို ဘာဆုမှလည်း ပေးမနေပါနဲ့ ဆရာမရယ်” လို့ ကျွန်မ ပြောခဲ့လိုက်တယ်။
ဆရာမက ”အဲဒါ ညီမ စိတ်ဆိုးတာ မဟုတ်လား၊ ဆရာကြီးနဲ့ တိုင်ပင်ပြီး ပထမနေရာ ဖြစ်အောင် လုပ်ကြည့်လိုက်ပါဦးမယ်၊ မနက်ဖြန် ဒီလိုအချိန် အစ်မဆီ ပြန်လာခဲ့ပါ” လို့ ဆရာမက ကျွန်မလက်ကို နောက်က လိုက်ဆွဲပြီး ပြောပါတယ်။
ကျွန်မရဲ့ အငြိုအညင်ကို ဆရာမ လုံးဝ မလိုလားနိုင်တာ အသိသာကြီးဖြစ်နေပါတယ်။ အခြားသော ကလေးတွေရဲ့ အမေတွေကိုရော ဒီလိုပဲ ဆရာမ မလွန်ဆန်နိုင်တာတွေ အများကြီး ရှိနေမှာ သေချာပါတယ်။နောက်ဆုံးတော့ - မလွန်ဆန်နိုင်ခြင်းတွေ များပြီး၊ ဆရာမ ဒုက္ခရောက်နေလေပြီ -။


မနက်ဖြန် သမီးကျောင်းက ဆရာမဆီကို ကျွန်မ လုံးဝ ထပ်သွားမှာ မဟုတ်တော့ပါဘူး။
ကျွန်မသမီး ပထမ မရလို့ ဆရာမကို ကျွန်မ စိတ်ဆိုးလို့ မဟုတ်ပါဘူး။ ကလေးတွေရဲ့ ပညာရေးလောကကို ဖျက်စီးပစ်နေကြတဲ့ သူတွေကို ကျွန်မ မျက်နှာချင်းမဆိုင်ချင်တော့လို့ပါ-။ သူတို့တွေရဲ့ ခြစားနေတဲ့ စိတ်ဓါတ်တွေကို တော်တော်ကိုလည်း စိတ်ကုန် စိတ်ပျက်မိပါတယ်။
သမီးအတွက် ကျွန်မ မနှစ်က တစ်နှစ်လုံး အပင်ပန်းခံပြီး အချိန်ကုန်ခံပြီး စာသင်ပေးခဲ့ရတာတွေက  အဓိပ္ပာယ်လုံးဝ မရှိတော့ဘူးလို့ ထင်ပါတယ်။ ကလေးတွေရဲ့ စာကြိုးစားမှု အနှစ်သာရက ပျောက်ဆုံးသွားပြီ။ အခု ညနေပဲ သမီးက ကျောင်းက ပြန်လာတော့ ကျွန်မ အမေကို ပြန်ပြောပြနေပါတယ်။ “မေမေ လာပြောလိုက်လို့ သမီး ဒုတိယဖြစ်သွားပြန်ပြီ” တဲ့။ ငါမကြိုးစားလည်း အမေ လုပ်ပေးရင် ဖြစ်ပါတယ်ဆိုတဲ့ အတွေးက ဘယ်သူမှ မသင်ရပါပဲနဲ့ နုနယ်တဲ့ သမီးရဲ့ အသိစိတ်ထဲမှာ ရောက်သွားခဲ့ပြီ-။


ကျွန်မသမီး ပထမဖြစ်ရင်လည်း “ငါ့သမီးလေး တော်လိုက်တာ” လို့ - ကျွန်မ ဂုဏ်ယူစရာမှ မဟုတ်တော့တာ။ ဆရာမကို နေ့တိုင်း ထမင်းချိုင့် ထည့်ထည့်လာသော ကောင်းလေးရဲ့ အမေကရော “ငါ့သားလေး တော်လိုက်တာ”လို့ လိပ်ပြာ သန့်သန့် ဂုဏ်ယူနိုင်မည်လား။ တကယ့် အရည်အချင်း မဟုတ်ပါပဲနဲ့ ဆုပေးပွဲတွေ တက်ကြ ...။ တကယ်ကြိုးစားခဲ့ရတဲ့ကလေးတွေက ဆုမချိတ်ပဲနဲ့ ကျန်ခဲ့ကြ။


ကျောင်းသားတစ်ယောက် ပထမ ဒုတိယ တတိယ ဆိုတဲ့ အဆင့်တွေဟာ ဆရာ/ဆရာမ ပါးစပ်ဖျားမှာတင် အလွယ်တကူ ဖြစ်နေခဲ့ပြီ


ကလေးကို adopted child မို့လို့ ကျောင်းမှာ အားငယ်မှာ စိုးရိမ်ပြီး၊ ဆရာမကို မနှစ်က တစ်နှစ်လုံး ကျွန်မ အတိုင်းထက် အလွန် သိတတ်ခဲ့တာ - မှားသွားပြီလား။
ကိုယ့်ကလေးဟာ အတန်းထဲမှာ တစ်လား ၊ နှစ်လား ၊ သုံးလား .... ကျွန်မ ကလေးရဲ့ တကယ့် အရည်အချင်း အစစ်ကိုလည်း ကျွန်မ မသိနိုင်တော့။ ကျွန်မကလေးရဲ့ အခြေအနေ အမှန်ကိုပဲ ကျွန်မ သိချင်နေမိပါတော့တယ်။




Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။