Popular Posts

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဝမ်းသာစွာဖြင့် ကြိုဆိုပါသည်။သိုသော် အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်အတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ပါသေးသည်။..
ဒေါင်းမျိုးဆက်က ကိုယ်ကျိုးမဖက်ပဲနှင့် တိုင်းပြည်အကျိုး လူထုအကျိုး ကြိုးစားလုပ်ဆောင်သွားမည်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို လက်ကိုင်ကာစွဲ ဒါတို့ရဲ့အောင်ပွဲ

10/14/2011

လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဦးအောင်မိုးဇော်၏ ပါတီ(၂၃)နှစ်မြောက်မွေးနေ့ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း


            အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျနော်တို့ပါတီရဲ့ (၂၃) နှစ်ပြည့် အခမ်းအနားကို အခုလို ကျနော်တို့ ရဲဘော်တွေ၊ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ၊ မဟာမိတ်တွေနဲ့ စုံစုံညီညီကျင်းပခွင့်ရတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်။ တပြိုင်နက်တည်းမှာပဲ အကျဉ်းထောင်တွေထဲမှာလည်း ကျနော်တို့ရဲဘော်တွေ ရှိနေကြသေးတယ်။ ကျနော်တို့ပါတီရဲ့ (၂၃) နှစ် ပြည့်အခမ်းအနားကို အကျဉ်းထောင်တွေထဲမှာလည်း လုပ်နေကြလိမ့်မယ်လို့ ကျနော်တော့ယုံကြည်တယ်။ လုပ်လည်းလုပ်နေမှာ ဖြစ်ပါတယ်။
            အားလုံးသိတဲ့အတိုင်းပဲ မနေ့ကတော့ အကျဉ်းသားတွေလွှတ်တာနဲ့အတူ နိုင်ငံရေးအကျဉ်းသားအချို့ကို ရောပြီးလွှတ် ခဲ့တာရှိပါတယ်။ သို့သော်လည်း ကျနော်တို့ပါတီက ခေါင်းဆောင်တွေ၊ ကျနော်တို့ပါတီက ရဲဘော်တွေ၊ တပြိုင်နက်တည်းမှာ ကျနော် တို့ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလွတ်လာတာကို ကျနော်တို့ မတွေ့ခဲ့ရဘူး။ ဒီရဲဘော်တွေဟာ ကနေ့အခြေအနေအထိ အကျဉ်းထောင်တွေထဲမှာ လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးအတွက် ကြံ့ကြံ့ခံ ဆက်လက်ရပ်တည်နေတုန်းပဲဖြစ်ပါတယ်။
            ဒီနေ့ ဒီကာလမှာ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ ကျနော်တို့ရဲဘော်တွေနဲ့ (၂၃) နှစ်တာ တိုက်ပွဲစဉ်အတွင်းမှာ ကျဆုံးခဲ့ ရတဲ့ ကျနော်တို့ရဲဘော်တွေ၊ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ၊ ကနေ့အထိ အကျဉ်းထောင်တွေထဲမှာပဲဖြစ်ဖြစ် တောထဲတောင်ထဲ မှာဖြစ်ဖြစ် နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ နယ်စပ်ဒေသတွေမှာပဲဖြစ်ဖြစ် ဒီမိုကရေစီရေးတိုက်ပွဲကို ကြံ့ကြံ့ခံပြီးတော့ ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေတဲ့ ရဲဘော်အားလုံးကို ကျနော်တို့ပါတီရဲ့ကိုယ်စား ဦးညွှတ်အလေးပြုတယ်လို့ ကျနော်ပထမဦးဆုံး ပြောချင်ပါတယ်။
            နောက်တစ်ခုကတော့ ဒီကနေ့မွေးနေ့ပွဲကိုကြွရောက်လာတဲ့ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ၊ ကျနော်တို့ မဟာမိတ် ခေါင်းဆောင်တွေ၊ ကျနော်တို့ ရဲဘော်ရဲဘတ်တွေကို ကျေးဇူးတင်တယ်ဆိုတာ ထက်ပြီးပြောချင်ပါတယ်။
            တပြိုင်နက်တည်းမှာပြောချင်တာကတော့ ဒီကနေ့ကာလ ကျနော်တို့တိုင်းပြည်မှာ အပြောင်းအလဲတွေဖြစ်နေပြီဆိုတဲ့ အသံတွေ တော်တော်ညံနေပါတယ်။ ဒီ အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲ အဲဒီလို အပြောင်းအလဲတွေဖြစ်နေပြီဆိုတဲ့အသံတွေ ညံ နိုင်တဲ့အနေအထားတချို့ကို ဆောင်ရွက်နေတာတွေ့ရတယ်။ အဲဒီအတွက်လည်း အပြောင်းအလဲတွေ မြန်နေပြီဆိုတဲ့ အသံတွေက တော်တော်လေးကို ကျယ်ကျယ်လောင်လောင်ဖြစ်နေတာတွေ့ရပါတယ်။ သို့သော်လည်းပဲ ဒီ အခြေခံကျကျ၊ ကျနော်တို့တိုင်းပြည် မှာ ဘာတွေပြောင်းလဲနေသလဲ၊ ကျနော်တို့တိုင်းပြည်မှာ ဘာတွေဖြစ်နေပြီလဲ၊ ကျနော်တို့ သေသေချာချာကြည့်မယ်ဆိုရင်တော့ ကနေ့အနေအထားအထိ ကျနော်တို့တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင် မပြနိုင်တာက ကနေ့ အခြေ အနေအထိဖြစ်နေပါတယ်။ ကျနော်တို့ အဓိကပြောချင်တာကတော့ ဒီနေ့ကာလ ကျနော်တို့တိုင်းပြည်ဟာ ဆင်းရဲတွင်းကထွက်ဖို့၊ ကျနော်တို့တိုင်းပြည် လူ့အခွင့်အရေးချိုးဖောက်မှုတွေက လွန်မြောက်ဖို့၊ နိုင်ငံတကာမှာ အင်မတန်ကျဆင်းနေတဲ့ တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာကို ပြန်လည် အဖတ်ဆည်နိုင်ဖို့ဆိုလို့ရှိရင် ကျနော်တို့တိုင်းပြည်ဟာ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကို မြန်မြန်ရောက်ဖို့ လိုတယ်။ ကျနော်တို့တိုင်းပြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို မြန်မြန်ရောက်ဖို့လိုတယ်။ ကျနော်တို့ တိုင်းပြည်ဟာ စစ်အာဏာရှစ်စနစ်ကို မြန်မြန်ဖယ်ရှားနိုင်ဖို့လိုတယ်လို့ ကျနော်တို့ပါတီအနေနဲ့ ကနေ့ကာလမှာ ယူဆပါတယ်။
            သို့သော်လည်း အခြေအနေတွေ အပြောင်းအလဲတွေ ဘယ်လောက်ဖြစ်နေပြီလို့ အသံတွေညံနေပေမယ့် ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကိုရောက်နိုင်တဲ့အနေအထား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို ရောက်နိုင်တဲ့အနေအထား၊ စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပြီးတော့ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရတစ်ခုအနေနဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို တည် ဆောက်နိုင်မယ့် အနေအထားတွေဟာ ကနေ့အခြေအနေအထိတော့ ဝေးကွာနေသေးတယ်ဆိုတာ အခုဖြစ်ပေါ်ပြောင်းလဲနေတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် သေသေချာချာ သိနိုင်ပါတယ်။
            အထူးသဖြင့်တော့ ကျနော်တို့ပါတီရဲ့ (၂၃) နှစ်ပြည့် အခမ်းအနားမှာ ပါတီရဲ့သဘောထားတစ်ခုကို ဒီပါတီရဲ့ကိုယ်စား တင်ပြချင်ပါတယ်။ ကနေ့ ကျနော်တို့တိုင်းပြည်ရဲ့အပြောင်းအလဲတွေကို အမှန်တကယ်ဆောင်ကျဉ်းနိုင်ဖို့ဆိုလို့ရှိရင် ရှေ့မှာ ရှိနေတဲ့ ခလုတ်ကန်သင်း၊ ဒီအပြောင်းအလဲတွေကို သွားတဲ့နေရာမှာ ကြုံတွေ့နေရတဲ့ ခလုတ်ကန်သင်းကို ကျနော်တို့ ရှင်းနိုင်မှ ရလိမ့်မယ်။ အဲဒီခလုတ်ကန်သင်းဟာ တကယ်တမ်းကျတော့ ကျနော်တို့တိုင်းပြည်ကို စစ်အုပ်စုက တရားဝင်အုပ်ချုပ်ဖို့အတွက် အခွင့်အရေးပေး ထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျနော်တို့ မပြင်နိုင်ဘူး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျနော်တို့ မဖယ်ရှားနိုင်ဘူး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဆွဲစုတ်မပစ် နိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့တိုင်းပြည်ရဲ့အနေအထား၊ ကျနော်တို့ရဲ့အနေအထားဟာ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် ဒီမိုကရေ စီရေးလမ်းကြောင်းပေါ်ကိုရောက်ဖို့ အတော်ခက်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ဒီနေရာမှာ လေးလေးနက်နက်ပြောချင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ကျနော်တို့သွားမယ့် ခရီးလမ်းတလျှောက်မှာ ရှေ့ကခံနေတဲ့ ခလုတ်ကန်သင်းပဲဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြုနိုင် ပြင်နိုင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖယ်ရှားနိုင်ဖို့အတွက် ဒီမိုက ရေစီရေးတိုက်ပွဲဝင်နေတဲ့ အင်အားစုတွေ၊ အမျိုးသားရေးလက်နက်ကိုင်အင်အားစုတွေ၊ ကျနော်တို့တတွေ တတ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနဲ့တော့ ကြိုးစားနေကြတယ်။
            ဒီနေရာမှာ ထူးထူးခြားခြား ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်းပဲ ကနေ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြုနိုင် ပြင်နိုင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖယ်ရှားပြီးတော့ တိုင်းပြည်ကို ဒီမိုက ရေစီရေးလမ်းကြောင်းပေါ်ကို ရောက်အောင်လို့၊ တိုင်းပြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို ရောက်အောင် လို့ ကြိုးစားဆောင်ရွက်နေမှုတွေရှိပါတယ်။ အားလုံးလည်းသိတဲ့အတိုင်းပဲ ကြိုးစားဆောင်ရွက်နေမှုတွေ ရှိပါတယ်။ ဒီလို ကြိုးစား ဆောင်ရွက်မှုတွေကို ကျနော်တို့အနေနဲ့ လေးလေးနက်နက်ထောက်ခံတယ်ဆိုတာ ပြောချင်ပါတယ်။ ဒီလို ထောက်ခံရင်းနဲ့ တပြိုင် နက်တည်းမှာလည်းပဲ ကျနော်တို့အနေနဲ့ သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေကို ထပ်ပြီးတော့ ပြောချင်တာကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြင်ကို ပြင်မှ ရလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖယ်ကို ဖယ်ရှားနိုင်မှ ဖြစ်လိမ့်မယ်။ ကျနော် တို့ ဒီအပေါ်မှာ အမြဲတမ်းသတိချပ်တယ်ဆိုတာကို လေးလေးနက်နက်ပြောချင်ပါတယ်။
            အခုအခြေအနေက ကျနော်တို့ရဲ့ (၂၃) နှစ်မြောက် ကြေညာချက်ထဲမှာ ဖော်ပြထားသလိုပဲ။ ကနေ့ ကျနော်တို့ရဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့တိုင်းပြည်ကို၊ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကို ရောက်အောင်လို့ တွန်းပို့ ကောင်း တွန်းပို့နိုင်တယ်။ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကိုရောက်အောင်လို့ ဆွဲခေါ်ကောင်း ဆွဲခေါ်သွားနိုင်တယ်။ တပြိုင်နက် တည်းမှာလည်းပဲ ခုနက ကျနော်ပြောခဲ့သလို ကနေ့ကာလ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် ဘာမှ မယ်မယ် ရရ ပြောင်းလဲနေတဲ့ အချက်အလက်ကို ကျနော်တို့ မတွေ့ရသေးဘူး။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးစားဆောင်ရွက် မှုတွေပဲဖြစ်ဖြစ်၊ ကနေ့တွေ့ဆုံဆွေးနွေးမှုတွေပဲဖြစ်ဖြစ် အချိန်မရွေး ရပ်တန့်သွားနိုင်တယ်။ ကျနော်တို့တိုင်းပြည်ဟာ အဆိုးသံသရာ ဖက်ကို ပြန်ပြီးတော့ လည်သွားနိုင်တယ်။ ပြန်ပြီး လည်သွားနိုင်တယ်ဆိုလို့ အခု အကောင်းဖက်ကို ရောက်နေပြီလားလို့ မေးလို့ရှိ ရင်လည်းပဲ အကောင်းကို ရောက်နေပြီလို့ ပြောဖို့ခက်ပါတယ်။ ကျနော်တို့ခေါင်းဆောင်အပေါ်မှာ ကျနော်တို့ရဲ့ ယုံကြည်မှု၊ ကျနော် တို့ခေါင်းဆောင်အပေါ်မှာ ကျနော်တို့ရဲ့ ထောက်ခံမှုနဲ့သာ ကနေ့ တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်ဟာ တစုံတရာအားဖြင့် တိုင်းပြည်ကို ဒီမို ကရေစီရေးလမ်းကြောင်းပေါ်ကို ရောက်သွားနိုင်တယ်လို့ ကျနော်တို့ ပြောနေတာဖြစ်ပါတယ်။ လက်တွေ့အားဖြင့်တော့ ဒီမိုကရေစီ ရေးလမ်ကြောင်းပေါ်ကိုရောက်နိုင်တဲ့ ခိုင်မာတဲ့အချက်အလက် ကျနော်တို့ မတွေ့ရသေးပါဘူးဆိုတာကိုလည်း ပြောချင်ပါတယ်။
            ဒီကနေ့ (၂၃) နှစ်မြောက် မွေးနေ့အခမ်းအနားမှာ ကျနော်တို့ပါတီအနေနဲ့ အဓိကပြောချင်တာကတော့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်တို့ မဖယ်ရှားနိုင်၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြုပြင်နိုင်ဘူးဆိုလို့ရှိရင် ကျနော် တို့တိုင်းပြည် ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကို ရောက်ဖို့အတွက် ဝေးကွာလိမ့်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်း ကြောင်းပေါ်ကိုရောက်ဖို့ ဝေးကွာလိမ့်မယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြုနိုင် ပြင်နိုင်ဖို့ ဖယ်ရှားနိုင်ဖို့ဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျနော်တို့ ရဲဘော်ရဲဘက်တွေနဲ့အတူ ဆက်လက်ပြီးတော့ ရုန်းကန်တိုက်ပွဲ ၀င်သွားမယ်ဆိုတာကို ဒီ (၂၃) နှစ်မြောက် ပါတီမွေးနေ့အခမ်းအနားမှာ ကျနော် ကတိပြုပြောကြားရင်း နှုတ်ခွန်းဆက်စကားကို နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကလေးလုပ်သားအသုံးပြုမှုတွင် အာရှနိုင်ငံများက ထိပ်ဆုံးတွင်ရပ်တည်


ကမ္ဘာပေါ်တွင် ကလေးလုပ်သားသုံးစွဲမှု၌ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ဦးဆောင်နေကြောင်း  ကမ္ဘာတစ်ဝန်းကလေး လုပ်သားအသုံးပြုမှုအချက်အလက်များကို အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အာဖရိက၊ အာရှနှင့် လက်တင် အမေရိကရှိနိုင်ငံ ၇၁ နိုင်ငံမှ ကလေးလုပ်သားများသည် အုတ်၊ ဘောလုံး ထုတ်လုပ်ရေးလုပ်ငန်းမှသည် ဖုန်းများတွင်အသုံးပြုသော ရှားပါးသတ္တုပစ္စည်းများ ရှာဖွေရေးအထိ လုပ်ငန်းအမျိုးအစား ၁၃၀ ခန့်တွင် လုပ်ကိုင်နေရကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  ကလေး ၂၁၅ သန်းကျော်သည် ကလေးလုပ်သားများအဖြစ် အသုံးပြုခံနေရကြောင်းကိုလည်း အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ (ILO)က ခန့်မှန်းထုတ်ပြန်ခဲ့သည်။
အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများလုပ် ကိုင်မှုကို တားမြစ်သည့်နိုင်ငံများမှာ အနည်းငယ်သာရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံအချို့တွင် ကလေးလုပ်သားများ စေခိုင်းမှုနှင့်ပတ်သက်ပြီး စောင့်ကြည့်မှုနည်းပါးပြီး အန္တရာယ်ရှိသောလုပ်ငန်းများ အတွက် အနိမ့်ဆုံးအသက် ကန့်သတ်ချက်မရှိကြောင်း အဆိုပါအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကလေးငယ်များကို စာသင်ကျောင်းများတွင်ရှိခြင်းထက် လုပ်ငန်းခွင်ဝင်ရန် ဖိအားပေးမှုများရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကလေးလုပ်သားများကို ခိုင်းစေမှု အများဆုံးနိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံတွင် အမျိုးအစား ၂၀ ထက်မနည်းသော လုပ်ငန်းများတွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် လုပ်ငန်းအမျိုးအစား ၁၄ ခုခန့်၊ ဖိလစ်ပိုင်နိုင်ငံတွင် လုပ်ငန်း ၁၀ ခု ကျော်တွင် ကလေးလုပ်သားများကို အသုံးပြုနေကြောင်း (ILO) ၏ အစီရင်ခံစာအရ သိရှိရသည်။

လူဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ပါတီတည်ထောင်ခြင်း ၂၃နှစ်မြောက် သဘောထားထုတ်ပြန်ကြေညာချက်

DPNS23rdAnniversaryStatement

အကျဉ်းသားများ တရက်တည်းတွင် အပြတ်လွှတ်

အစိုးရက အကျဉ်းသား ၆၃၅၉ ဦးအား တရက်တည်းဖြင့် အပြီးအပြတ် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာနကဧရာဝတီသို့ ပြောသည်။
ယမန်နေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားများ (ဓာတ်ပုံ - AP)

ထိုသို့ လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သီးသန့် သတ်မှတ်ခြင်း မရှိကြောင်း၊ မည်သည့်အချိန်မှ ထပ်မံပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ကို မသိပါကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်နေသည့် လေ့လာသူများ ပြုစုထားသော စာရင်းများအရ လွှတ်ပေးသည့် အကျဉ်းသား ၆၃၅၉ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၀၇ ဦးသာ ပါဝင်သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု အဖွဲ့မှ ကိုတိုးကျော်လှိုင်က “၀မ်းသာမှု၊ ၀မ်းနည်းမှုတွေ ရောပြွမ်းနေတယ်ဗျာ။ လွတ်တဲ့သူတွေအတွက် ၀မ်းသာသလို၊ တယောက်မကျန် လွတ်တဲ့အထိ ဆက်လက် လုပ်ဆောင်ရမယ်” ဟု ၎င်းက ဆိုသည်။
ယမန်နေ့က လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် အများစုမှာ လွတ်ရက်စေ့ခါနီးများ ဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။
အကျဉ်းထောင်များတွင် ကျန်ရစ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကိုပြုစုပြီး မကြာမီ ဒေါ်အောင်ဆန်းစုကြည် လက်သို့ ပေးအပ်မည် ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေခြင်းသည် ဒီမိုကရေစီကို အကောင်အထည် ဖော်နေသည့် အစိုးရသစ်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အဖုအထစ်တခု ဖြစ်လာနိုင်ကြောင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ပြည်သူများထံမှ လက်မှတ်များ ကောက်ခံကာ သမ္မတဦးသိန်းစိန်ထံ ပို့ပေးသည့် လှုပ်ရှားမှုတရပ် မကြာမီ  လုပ်ဆောင်မည်ဖြစ်ကြောင်း ကိုတိုးကျော်လှိုင်က ဆိုသည်။
ယမန်နေ့က လွတ်မြောက်လာသူများ စာရင်းတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်ခြင်း မရှိ သကဲ့သို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင် တဦးမှလွဲ၍ ကျန်တိုင်းရင်းသား ခေါင်းဆောင်များလည်း လွတ်မြောက်လာခြင်း မရှိပေ။
၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုတွဲများမှ မြတ်မန္တလာ ကိုကိုကြီး (ခ) သိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ လေးလေးမွန်၊ မြင့်လွင်ဦး (ခ) သားကြီး စသည့် သူများသာ လွတ်မြောက်လာသည်။
ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည့် စာရင်းများအရလည်း နိုင်ငံရေး အကျဉ်းသား ၂၀၇ ဦးသာ ပါဝင်သည်ဟု သိရသည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးသည်ကို ကျေးဇူးတင် ကြိုဆိုကြောင်း၊ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် တိုက်တွန်း ကြောင်း ယမန်နေ့က ပြောဆိုသည်။
ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကလည်း နိုင်ငံရေး အကျဉ်းသားတချို့ လွတ် မြောက်လာခြင်းကို ကြိုဆိုကြောင်း၊ ကျန်ရှိ အကျဉ်သားများကို ဆက်လက် လွှတ်ပေးရန်လိုကြောင်း ယမန်နေ့က ပြောဆိုသည်ဟု Reuters သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဇာဂနာလွတ်ပြီး ပြည်တော်ပြန်တော့မည့် သီးနှစ်းသီး နှင့် မြစပယ်ငုံ



နိုင်ငံကျော် လူရွှင်တော် ဇာဂနာ (ခေါ်) ကိုသူရ ထောင်မှ လွတ်လာပြီး ထိုင်း နိုင်ငံတွင် ကျန်ရှိ နေသည့် သီးလေး သီးအ ဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့ မြန်မာ ပြည်ပြန် တော့မည်ဖြစ် သည်။

ပန်းသီးက “ကိုသူရ လွတ်လာ ပြီဆိုတော့ ကျနော်တို့ ပြန်မယ် ဒါပေမယ့် လောလောဆယ် ဘာမှ မစီစဉ် ရသေးဘူး ကိုသူရနဲ့ ဆွေးနွေး ရအုံးမယ်၊ ပြန်တော့ ပြန်မှာပါ”

နိုင်ငံရေး အကျဉ်းသား အဖြစ် ဖမ်းဆီးခံ ထားရသူ ကိုဇာဂနာ အပါအဝင် တခြား နိုင်ငံရေး အကျဉ်း သားများ ထောင်မှ လွတ်မြောက် လာသည်ကို သူတို့ အနေနှင့် အတိုင်း မသိ ဝမ်းသာ မိကြောင်း ၄င်းက ပြောသည်။

မင်းသမီး မြစပယ်ငုံကလည်း “ဗမာ ပြည်ပြန် ရောက်ရင် ကျမတို့ ကိုသူရ နဲ့အတူ သီးလေး သီးအဖွဲ့ ဝင်တွေနဲ့ အနု ပညာ လောကို ဆက်လက် လှုပ်ရှား သွားမှာပါ” ဟု ပြောသည်။

ကိုဇာဂနာနှင့် တိုင်ပင် ဆွေးနွေး ပြီးပါက မြန်မာ နိုင်ငံသို့ ပြန်ကာ အနုပညာ လုပ်ငန်းကို ဆက်လက်ကြိုး ပမ်းလုပ်ဆောင် သွားမည် ဟုလည်း ၄င်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ပြည်တော်ပြန် ခရီး ဖိတ်ကြားချက် ထွက်ပေါ် လာပြီးနောက် သီးလေးသီး အဖွဲ့ဝင် များဖြစ်သည့် လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုး တို့က စက်တင်ဘာ ၁၁ ရက်နေ့မှာ မြန်မာပြည် သို့ ပြန်သွား ခဲ့သည်။

ထိုစဉ်က သီးနှစ်သီးနှင့် မြစပယ်ငုံ တို့က ပြည်တော် မပြန်ပဲ အကျဉ်းကျ ခံနေရသည့် လူရွှင်တော် ဇာဂနာ ထောင်ကနေ လွတ်လာမှသာ ပြန်မည်ဟု ပြောဆိုခဲ့ကြသည်။

ကိုဇာဂနာ လွတ်လျှင် ပြည်တော်ပြန် မည်ဆိုသည့် ဆုံးဖြတ်ချက်ရှိသော်လည်း လတ်တလော မည်သည့် အစီအစဉ် မှမရှိ သေးပဲ ကိုဇာဂနာနှင့် ဆွေးနွေး ပြီးမှသာ ဆုံးဖြတ်ချက် တခု ချနိုင်မည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျန်နေသည့် လူရွှင်တော် ပန်းသီးက ပြောသည်။

နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာသည် ၂၀၀၃ ခုနှစ်တွင် သီးလေးသီး အဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့ သူဖြစ်သည်။

၂၀၀၇ ခုနှစ်ကစပြီး ပြည်ပ နိုင်ငံ များဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ကိုးရီးယား၊ မလေးရှားနှင့် စင်ကာပူတို့တွင် သွားရောက် ဖျော်ဖြေခဲ့ပြီး မြန်မာ နိုင်ငံသို့ မပြန်ပဲ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။

နောက်တစ်ခေါက်လာပြန်တဲ့ ထူးထူးဟန်ရဲ့ ဗျူဟာသစ်





ထူးထူးဟန်နဲ့ စောမူးဆာ (ဓာတ်ပုံ - AAP) 
-----

သြစတြေးလျနိုင်ငံရောက် မြန်မာဒုက္ခသည်တယောက်ဖြစ်တဲ့ ထူးထူးဟန်တယောက် မြန်မာ့အရေးအတွက် သူ့ရဲ့ နည်းဗျူဟာသစ်တခု ဖွင့်ချလိုက်ပြန်ပါပြီ။

ထူးထူးဟန်ရယ်၊ စောမူးဆာရယ် ဘရစ်စဘိန်းမှာနေတဲ့ နောက်ထပ် ၅ ယောက်ရယ်ပါတဲ့အဖွဲ့ဟာ ဖမ်းဆီးခံရမှာကို မမှုပဲ ဒီနှစ် မကုန်ခင်မှာ မြန်မာပြည်ကိုပြန်ကြမယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေကို လိုက်တွေ့မယ်။ ပြီးရင် သမတ သိန်းစိန်နဲ့ သွားတွေ့မယ်၊ သူ့ကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ ဘရစ်စဘိန်းဒေသဆိုင်ရာ သတင်းစာ၊ Courier Mail ကို ပြောလိုက်ပါတယ်။

“ကျနော့်အတွက်တော့ ဒါဟာ အင်မတန် အန္တရာယ်များပါတယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲ သွားကိုသွားမှ ဖြစ်မယ်လို့ ခံစားနေရပါတယ်။ ကျနော်တို့ ပြည်သူတွေ ဒုက္ခအများကြီးရောက်နေကြတယ်။ ကျနော်သွားတဲ့အခါ ကျနော်ပြောစရာ လုပ်စရာတွေ အများကြီးရှိတယ်။ မြန်မာပြည်ကနေ ဒုက္ခသည်တွေ အများကြီး ထွက်လာနေတာကို တားဆီးချင်တယ်။ ကျနော်တို့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီသာရရင်တော့ ဒီလို ဒုက္ခသည်တွေ ရှိတော့မှာ မဟုတ်ဘူး”လို့ ထူးထူးဟန်က Courier Mail ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်ထဲက အားလုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဆီကို လက်နက်ချပြီး ကိုယ့်ရဲ့ ပြည်သူလူထုကို ကာကွယ်ပေးရမယ် စသဖြင့် စသဖြင့် ပြောထားတာတွေကိုဟောဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ထူးထူးဟန် ဆိုပြီး စ နာမည်ကြီးလာရတဲ့ အကြောင်းရင်းကတော့ ဒီမှာ ပါ။
ထူးထူးဟန် နဲ့ ဆက်စပ်နဲ့ နောက်ဖတ်စရာတခုကတော့ ဒီမှာ ပါ။
စောမူးဆာ အကြောင်း ရေးထားတာကတော့ ဒီမှာ ပါ။

LinkWithin

Related Posts Plugin for WordPress, Blogger...

GMAIL မှလဲ ဆက်သွယ်နိုင်ပါပြီ..

အင်္ဂလိမ်ဘာသာနှင့် ဖတ်ရူချင်သူများအတွက် သတင်းများ


Get Your News Widget
Share

ဧည့်သည်တော်နိုင်ငံများ

လူ အခွင့်အရေး အပိုဒ် (၃၀)

အပိုဒ်(၁)။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။ အပိုဒ်(၂)။ မည်သူကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။ အပိုဒ်(၃)။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။ အပိုဒ်(၄)။ မည်သူကိုမှ ကျွန်အဖြစ်စေခိုင်း ရောင်းဝယ်ခြင်းမပြုရ။ အပိုဒ်(၅)။ မည်သူကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာဆက်ဆံခြင်း၊ အပြစ်ပေးခြင်းမပြုရ။ အပိုဒ်(၆)။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြုခံပိုင်ခွင့်။ အပိုဒ်(၇)။ တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။ အပိုဒ်(၈)။ မိမိအခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။ အပိုဒ်(၉)။ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။ အပိုဒ်(၁၀)။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။ အပိုဒ်(၁၁)။ ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။ အပိုဒ်(၁၂)။ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာများအား ၀င်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။ အပိုဒ်(၁၃)။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် အပိုဒ်(၁၄)။ မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။ အပိုဒ်(၁၅)။ နိုင်ငံသားဖြစ်ခွင့် အပိုဒ်(၁၆)။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။ အပိုဒ်(၁၇)။ ပစ္စည်းဥစ္စာပိုင်ခွင့်။ အပိုဒ်(၁၈)။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။ အပိုဒ်(၁၉)။ လွတ်လပ်စွာ ထုတ်ဖော်တင်ပြပြောဆိုခွင့်၊ သတင်းများရယူခွင့်။ အပိုဒ်(၂၀)။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့အစည်းများအား လွတ်လပ်စွာဝင်ရောက်ခွင့်။ စုဝေးခွင့်။ အပိုဒ်(၂၁)။ အစိုးရတွင်ပါဝင်ခွင့်။ အပိုဒ်(၂၂)။ လူမှုဖူလုံရေးခံစားခွင့်။ အပိုဒ်(၂၃)။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂ၀င်ရောက်ခွင့်။ အပိုဒ်(၂၄)။ အပန်းဖြေအနားယူခွင့်။ အပိုဒ်(၂၅)။ လုံလောက်သော လူမှုအဆင့်အတန်းခံစားခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၆)။ ပညာသင်ကြားပိုင်ခွင့်။ အပိုဒ်(၂၇)။ ယဉ်ကျေးမှုဘ၀တွင် ပါဝင်ပိုင်ခွင့်နှင့်ဆေးကုသခံပိုင်ခွင့်။ အပိုဒ်(၂၈)။ ထိုအခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၂၉)။ အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်တာဝန်။ အပိုဒ်(၃၀)။ မည်သူမျှဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်။